// | DailyBriefNews ထိုင်းတွင် မြန်မာအလုပ်သမား ၁၁ ဦးအား ဘတ်ကတ်လုပ်ပေးမည်ဟုဆိုကာ ပွဲစားက ငွေလိမ်ယူပြီး ရဲဖမ်းခိုင်းမှုဖြစ်ပွား -

ထိုင်းတွင် မြန်မာအလုပ်သမား ၁၁ ဦးအား ဘတ်ကတ်လုပ်ပေးမည်ဟုဆိုကာ ပွဲစားက ငွေလိမ်ယူပြီး ရဲဖမ်းခိုင်းမှုဖြစ်ပွား

ဇူလိုင်လ ၆ ရက်၊ ၂၀၂၆

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးထံမှ ဘတ်ကတ်လုပ်ဆောင်ပေးမယ်လို့ဆိုကာ တစ်ဦးလျှင် ဝန်ဆောင်ခ ဘတ် ၉,၅၀၀ စီ လိမ်လည်ကောက်ခံခဲ့တဲ့ ထိုင်းလူမျိုးပွဲစားတစ်ဦးက အလုပ်သမားဘက်မှ စာရွက်စာတမ်းအပြည့်အစုံရလိုတာကြောင့် ၎င်းဆီတောင်းခံမှုကို မကျေနပ်လို့ ရဲစခန်းမှာ အကွက်ဆင်ဖမ်းဆီးခိုင်းတဲ့ ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ချွန်ဘူလီမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို Worker Alliance Group. (WAG) အလုပ်သမား မဟာမိတ်အဖွဲထံကနေ သိရပါတယ်။

ဖြစ်စဉ်က ချွန်ဘူလီမြို့နယ်ရှိ မြန်မာစကားပြောဆိုတတ်တဲ့ ထိုင်းလူမျိုးပွဲစားတစ်ဦးဟာ မြန်မာအလုပ်သမား ၁၁ ဦးကို ကားအပိုပစ္စည်းစက်ရုံမှာ အလုပ်လည်းသွင်းပေးပြီး ဘတ်ကတ်လုပ်ဆောင်ပေးမယ်ဆိုကာ ဝန်ဆောင်ခတွေ ကောက်ခံခဲ့ပေမယ့် အလုပ်သမားတွေကို ဘတ်စာရွက် ၂ ရွက်သာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် အလုပ်သမားတွေက စာရွက်စာတမ်း အပြည့်အစုံရရှိရန် ပွဲစားထံ သွားရောက်မေးမြန်းရာ ပွဲစားက ဒေါသတကြီးနဲ့ ဆက်လက်လုပ်ဆောင်မပေးနိုင်ကြောင်း ပြောဆိုကာ အလုပ်သမားတွေကို ရဲစခန်းတိုင်ကြားပြီး ဖမ်းဆီးခိုင်းခဲ့တာလို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံကနေ သိရပါတယ်။

အဆိုပါ မတရားကျူးလွန်ခံရမှုအပေါ် ချွန်ဘူလီနာရေးကူညီမှုအသင်းမှတစ်ဆင့် WAG အလုပ်သမားမဟာမိတ်အဖွဲထံ ဆက်သွယ်အကူအညီတောင်းခံခဲ့တာ‌ကြောင့် WAG အဖွဲသား‌တွေက ရဲစခန်းသို အမြန်ဆုံးသွားရောက်ကာ အလုပ်သမားများအတွက် အမှန်တရားရရှိစေရန် တိုင်ကြားပေးခဲ့တယ်လို သိရပါတယ်။ အဲဒီလို အလုပ်သမားမဟာမိတ်အဖွဲ (WAG)ရဲ့ ကူညီဆောင်ရွက်ပေးမှုကြောင့် ချွန်ဘူလီမြိုနယ်ရဲစခန်းက လက်ရှိမှာ ပွဲစားရဲ့တိုင်ချက်ကို ပယ်ချကာ အလုပ်သမားများဘက်က ရပ်တည်ပြီး စာရွက်စာတမ်းတွေ ပြန်လည်ရရှိအောင် အမှုဖွင့် အရေးယူဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူ ကိုမုန်တိုင်း က ” အခုလို လိမ်လည်မှု‌တွေက ဒီမှာ ခဏ ခဏ ဖြစ်နေတယ် ။ ကိုယ်တိုင်လုပ်ဖို့ကို မကြောက်ကြဖို့ ကျွန်တော်ကတော့ ပြောချင်တယ်။ လုပ်ရမယ့် အဆင့်လေးတွေ သေချာ လေ့လာရင်ရတယ်။ အဓိက က မြန်မာလုပ်သားတွေက ဘာသာစကားနဲ့ ရုံးလုပ်ငန်းစဉ်တွေကို ကြောက်ကြတာ ။ ကျွန်တော်တို့လို ကူညီပေးနေတဲ့ အသင်းအဖွဲ့တွေကို မေးရင်လည်း ရတယ်။ ကိုယ့်ဘာသာလုပ်ရင် ငွေကုန်ကြေးကျ သက်သာတယ်။ အလိမ်မခံရဘူး ။ ချောက်ချ မခံရဘူး ။ အန္တရာယ်လည်း မဖြစ်ဘူး” လို့ DBN News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘတ်ကတ်ပြုလုပ်ရာမှာ ပွဲစား သို့မဟုတ် အေဂျင်စီတွေနဲ့ လုပ်ဆောင်တာက ကုန်ကျစရိတ် အဆမတန်များပြားတဲ့အပြင် စာရွက်စာတမ်းအတု‌တွေ ရရှိခြင်းနဲ့ လိမ်လည်ခံရနိုင်ခြေ အလွန်များပြားတယ်လို ဆိုပါတယ်။

မိမိဘာသာ ဘတ်ကတ်လျှောက်ထားရန် ဒါမှမဟုတ် သက်တမ်းတိုးရန်အတွက် အဓိကအားဖြင့် အလုပ်ရှင်ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပြီး၊ ထိုင်းအလုပ်ရှင်ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်လွှဲစာပါသူက ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာ စာရွက်စာတမ်း လာရောက်တင်ပြပေးရမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးရုံး၊ အလုပ်သမားရုံးနဲ့ ဆေးရုံတွေမှာ ပုံစံစာရွက်စာတမ်းတွေ ဖြည့်စွက်နိုင်ဖိုနဲ့ မေးမြန်းတာကို ဖြေဆိုနိုင်ဖို့ ထိုင်းဘာသာစကား အနည်းငယ် ကျွမ်းကျင်ရမယ့်အပြင်၊ ကာယကံရှင်ကိုယ်တိုင် ဆေးစစ်ခြင်းနဲ့ စီအိုင် (CI) စင်တာ‌ တွေကို သွားရောက်ဖို့အတွက် အလုပ်ပိတ်ရက် ညှိနှိင်းနိုင်တဲ့ အချိန်ပေးနိုင်မှုလည်း လိုအပ်တယ်လို့ ကိုမုန်တိုင်းက ဆက်လက်ရှင်းပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့လက်ရွေးစင်ဂိုးသမား စိုးအာကာကို ရန်ကုန်စီးတီးအသင်း (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူ
Next post အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် လာအို၏ ဆီပြဿနာကို EV ဖြင့် တော်လှန်ခြင်း