အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် လာအို၏ ဆီပြဿနာကို EV ဖြင့် တော်လှန်ခြင်း


ဇူလိုင်လ ၆ ရက်၊ ၂၀၂၆
အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများကြောင့် ကမ္ဘာတဝန်း စွမ်းအင်နှင့် လောင်စာဆီ အကျပ်အတည်း အကြီးအကျယ် ဖြစ်ပွားခဲ့ရာတွင် အိမ်နီးချင်း လာအိုနိုင်ငံသည်လည်း ရိုက်ခတ်မှုကို သိသိသာသာ ခံခဲ့ရပါတယ်။ ထိုစဉ်က လာအိုအစိုးရသည် ပြည်တွင်း၌ ဆီပြတ်လပ်မှုဒဏ်ကို ကုစားရန်အတွက် လောင်စာဆီ တင်သွင်းမှုကိုခွင့်ပြုခဲ့ပြီး၊ နိုင်ငံခြားငွေ ယိုဖိတ်မှုကို ထိန်းချုပ်သည့်အနေဖြင့် ဆီသုံးမော်တော်ကားအသစ်များ တင်သွင်းမှုကိုပိတ်ပင်ကန့်သတ်ခဲ့ပါတယ်။
အဆိုပါ လောင်စာဆီ စိန်ခေါ်မှုကို ကျော်လွှားရန်အတွက် လာအိုနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံမှ လျှပ်စစ်ကား (EV) ကုမ္ပဏီကြီးများနှင့် မဟာဗျူဟာမြောက် အမြန်ဆုံး ညှိနှိုင်းဆွေးနွေးကာ နိုင်ငံအတွင်း လျှပ်စစ်ကား အလုံးအရင်း ပြောင်းလဲအသုံးပြုရေးမူဝါဒကို အားစိုက် တွန်းအားပေးခဲ့ပါတယ်။ ထိုသို့ လမ်းဖွင့်ပေးခဲ့ခြင်းကြောင့် လက်ရှိတွင် လာအိုနိုင်ငံတစ်ဝန်း၌ လျှပ်စစ်ကားများ လျင်မြန်စွာ ခေတ်စားလာခဲ့ပါတယ်။

မြန်မာပြည်ထက် ၃ ပုံ ၁ ပုံခန့် သက်သာနေသည့် လာအို၏ မော်တော်ကားဈေးကွက်
ထူးခြားချက်မှာ လာအိုနိုင်ငံ၏ မော်တော်ကားဈေးကွက်သည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကွာခြားလျက်ရှိပါတယ်။ လာအိုနိုင်ငံတွင်ကားတင်သွင်းမှု ကိုတာ (Quota) ကန့်သတ်ချက်များ မရှိပါဘူး။
ဒီမူဝါဒကြောင့် လာအိုနိုင်ငံရှိ မော်တော်ကားဈေးနှုန်းများသည် မြန်မာနိုင်ငံရှိ ကားဈေးကွက်နှင့် နှိုင်းယှဉ်လျှင် ၃ ပုံ ၁ ပုံခန့် (သုံးပုံတစ်ပုံခန့်) သက်သာပြီး ပြည်သူများ လွယ်လင့်တကူ ဝယ်ယူစီးနင်းနိုင်သည့် အခြေအနေတွင် ရှိနေပါတယ်။
လာအိုနိုင်ငံသည် ကမ္ဘာ့ဆီအကျပ်အတည်းကို စိန်ခေါ်မှုမှ အခွင့်အလမ်းအဖြစ် ပြောင်းလဲကာ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ လျှပ်စစ်ကားကဏ္ဍကို အောင်မြင်စွာ ဖော်ဆောင်နေကြောင်း သိရပါတယ်။
