KSL FC အသင်း Fire Dragon Futsal Amateur Cup 2026 ချန်ပီယံဆု ဆွတ်ခူး

ဇွန် ၂၉၊ ၂၀၂၆
ဗိုလ်လုပွဲတွင် Cherry Army FC ကို (၄-၂) ဂိုးဖြင့် အနိုင်ရ
Fire Dragon Futsal Amateur Cup 2026 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတွင် KSL FC အသင်းက Cherry Army FC အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
ဗိုလ်လုပွဲကို ဇွန် ၂၈ ရက်က MFF Futsal Stadium မှာ ကျင်းပခဲ့ပြီး ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင် EABC Distribution Co., Ltd. မှ National Event & Activation Manager ဦးမျိုးမင်းလတ်က ပြိုင်ပွဲတာဝန်ထမ်းဆောင်ခဲ့တဲ့ ဒိုင်လူကြီးများအား အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ပြိုင်ပွဲရဲ့ Fair Play (အသန့်ရှင်းဆုံးအသင်း) ဆုကို Seven FC အသင်းက ရရှိခဲ့ပြီး အမှတ်တရဆုနဲ့ ဆုကြေးငွေ ကျပ် ၅ သိန်း ချီးမြှင့်ခံခဲ့ရပါတယ်။

တစ်ဦးချင်းဆုများတွင် KSL FC အသင်းမှ ဇော်ရဲထက်က အကောင်းဆုံးဂိုးသမားဆုနဲ့ ဆုကြေးငွေ ကျပ် ၃ သိန်း ရရှိခဲ့ပြီး၊ အသင်းဖော် အောင်ကိုမင်းက အကောင်းဆုံးကစားသမားဆုနှင့် ဆုကြေးငွေ ကျပ် ၃ သိန်း ရရှိခဲ့ပါတယ်။
အသင်းလိုက်ဆုများတွင် DAE FC အသင်းက တတိယဆုနှင့် ဆုကြေးငွေ ကျပ် သိန်း ၃၀၊ Cherry Army FC အသင်းက ဒုတိယဆုနှင့် ဆုကြေးငွေ ကျပ် သိန်း ၅၀ ရရှိခဲ့ပါတယ်။
ချန်ပီယံ KSL FC အသင်းသည် ချန်ပီယံဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ဆုကြေးငွေ ကျပ် သိန်း ၇၀ ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
