// | DailyBriefNews ယနေ့အထိ ခွင့်ပြုပြီး နိုင်ငံရေးပါတီ (၄၉) ပါတီရှိ -

ယနေ့အထိ ခွင့်ပြုပြီး နိုင်ငံရေးပါတီ (၄၉) ပါတီရှိ

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ယနေ့အထိ ခွင့်ပြုပြီး နိုင်ငံရေးပါတီ (၄၉) ပါတီအနက် တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီ (၉) ပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခု အတွင်း စည်းရုံးမည့်ပါတီ (၄၀) ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၏ ပြောကြားချက်အရ သိရသည်။

ဩဂုတ် (၂၄) ရက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကို ဥပဒေနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ယနေ့အထိ လျှောက်ထားသည့် ပါတီ (၆၇) ပါတီရှိပါကြောင်း၊ ယင်းပါတီများအနက် မှတ်ပုံတင်ခွင့်ပြုပြီးသည့် ပါတီ (၅၁) ပါတီရှိပြီး အဆိုပါ ပါတီများထဲမှ နိုင်ငံရေးပါတီ (၂) ပါတီကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ပေးခဲ့ရသည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ (၄၉) ပါတီရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ကဆိုသည်။

စည်းရုံးရေးဆင်းမည့်ပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ)နှင့် ပုဒ်မ ၅(ဇ)တို့နှင့်အညီ ပါတီဝင် အင်အားနှင့် ပါတီရုံးခန်းများကို ပြည့်မီအောင် ကြိုးစားဆောင်ရွက်ကြရန် ၄င်းကတိုက်တွန်းခဲ့သည်။

နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များကိုလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် မိမိပါတီကို ခိုင်မာအားကောင်းသောပါတီ၊ မဲဆန္ဒရှင်ပြည်သူက ယုံကြည်အားကိုးသော ပါတီဖြစ်အောင် ဆောင်ရွက် ကြစေလိုကြောင်းကော်မရှင်ဥက္ကဋ္ဌကဆိုသည်။ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၄၉) ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Golden Key Wellness Spa & Reflexology ဆိုင်ရဲ့ Brand Ambassador အဖြစ် သရုပ်ဆောင် ညီနန္ဒကို ခန့်အပ်
Next post (၂၆-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်