ပဲခူးမြို့ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်ကြီး ကြွရောက်
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်ကြီး ကြွရောက်ခဲ့ကြောင်း သိရသည်။ သီတဂူဆရာတော်ကြီးသည် ဇွန် ၂၂ ရက်(ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနစတုတ္ထရက်)တွင် ယခုကဲ့သို့ ကြွရောက်ခဲ့ခြင်းဖြစ်သည်။



“ကျေးဇူးတော်ရှင်_သီတဂူဆရာတော်ဘုရားကြီး ကြွရာက်ချီးမြှောက်၍ သံဝေဂယူတော်မူပြီး၊ သံဃာတော် အရှင်သူမြတ် တို့အား ဩဝါဒစကားများ မိန့်ကြားတော်မူခဲ့ပါသည်”ဟု ဝင်းနိမ္မိတာရုံစာသင်တိုက်၏ Facebook လူမှုကွန် ရက်စာမျက်နှာတွင် ဖော်ပြထားသည်။



ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။ ဆရာတော်ကြီးသည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များကို ရရှိထားသည်။



