// | DailyBriefNews သထုံ ရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနား ကျင်းပ -

သထုံ ရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် (၂၃)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားကို မတ်လ ၂၄ ရက်၊ တပေါင်းလပြည့်နေ့ နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိ သာသနာ့ ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အရုဏ်တက်အချိန်၌ သထုံမြို့နယ်အတွင်းရှိ စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော် အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြပြီး သုဝဏ္ဏဘူမိ သာသနာ့ ဗိမ္မာန်တော်၌ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပသည်။

ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ အလှူရှင်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး၀ေခဲ့ကြ‌သည်။

ထို့နောက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် အလှူရှင်များ စု‌ပေါင်းကာ ကြွရောက်လာကြသည့် ကျောင်းတိုက် အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ တပျော်တပါး လောင်းလှူခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post သရုပ်ဆောင် မြင်စိုင်းသားအောင်အောင် ကွယ်လွန်