ဗီယက်နမ်ဝန်ကြီးချုပ်၏ ခရီးစဉ်မတိုင်မီ ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ဂိတ်ကို နိုင်ငံတကာနယ်စပ်ဂိတ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

အောက်တိုဘာလ ၆ ရက်၊ ၂၀၂၆
ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် သွားလာရေး လွယ်ကူချောမွေ့စေရန်၊ ကုန်သွယ်ရေး မြှင့်တင်ရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်အတွက် ချရေး သွမ် – ခန်းဘင်း (Chrey Thom-Khanh Binh) နယ်စပ်ဂိတ်ကို နိုင်ငံတကာ နယ်စပ်ဂိတ်အဖြစ်သို့ တရားဝင် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ ကန်ဒါလ် (Kandal) ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ အန်းဂျန်း (An Giang) ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပြီးခဲ့သည့် စနေနေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ ယခုကဲ့သို့ အဆင့်မြှင့်တင်လိုက်ခြင်းဖြင့် နှစ်နိုင်ငံ သာမက နိုင်ငံတကာ ခရီးသွားများနှင့် ကုန်စည် စီးဆင်းမှုများအတွက် ပိုမို လျင်မြန် ချောမွေ့လာမည်ဖြစ်ကာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ တိုးမြှင့်သွားရေး ရည်မှန်းချက်ကိုလည်း အထောက်အကူပြုမည် ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၈ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ အဆိုပါ နယ်စပ်ဂိတ်သစ် ဖွင့်လှစ်မှုသည် အသစ်ခန့်အပ်ခံရသည့် ဗီယက်နမ် ဝန်ကြီးချုပ် လီမင်းဟောင် (Le Minh Hung) ၏ အောက်တိုဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ပြုလုပ်မည့် ကမ္ဘောဒီးယားနိုင်ငံသို့ ပထမဆုံး ပြည်ပ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်မတိုင်မီ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။
