အစိုးရ ငြိမ်းချမ်းရေးကော်မတီ NSPNC နှင့် MNDAA တို့ နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆
အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNTJP/MNDAA) တို့သည် စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် MNTJP/MNDAA မှ ဆက်ဆံရေးဌာနမှူး ဖုန်ဝင်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ၌ NSPNC ဥက္ကဋ္ဌက ကိုးကန့်ဒေသခံ ပြည်သူများ၏ လူမှုစီးပွား ဘေးကင်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုမှာ အလွန်အရေးကြီးကြောင်းနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာ ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါတယ်။


MNDAA ဘက်ကလည်း လက်ရှိ ခက်ခဲစွာ ရရှိထားသည့် ဒေသတည်ငြိမ်အေးချမ်းမှုကို အလေးထား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အမြင်ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းသွားရန် တင်ပြခဲ့ပါတယ်။ ထို့ပြင် တွေ့ဆုံမှုအတွင်း MNDAA ၏ နိုင်ငံရေး တရားဝင်မှု ရရှိရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး၊ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံရေးပါတီ ထူထောင်၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ နယ်စပ်ဖြတ်သန်း စီမံကိန်းများနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက် ရရှိသည့် သဘောတူညီချက် မှတ်တမ်းများအား အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပြီး ဒုတိယနေ့ ဆွေးနွေးပွဲများကို စက်တင်ဘာလ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

