FIFA-ASEAN Cup 2026 ပြိုင်ပွဲတွင် မြန်မာအသင်း တီမောအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆
ဟောင်ကောင်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် FIFA-ASEAN Cup 2026 ပြိုင်ပွဲ Division 2 အုပ်စုအဆင့် ဖွင့်ပွဲနေ့ ပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသား ဘောလုံးအသင်းက တီမောအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အခြား အုပ်စုဖွင့်ပွဲစဉ်တွင် လာအိုအသင်းက ဘရူးနိုင်းအသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းသည် အဓိကကစားသမား အချို့ ဒဏ်ရာရရှိနေမှုကြောင့် ရုန်းကန်ခဲ့ရသော်လည်း တီမောအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရေး မျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။
ပွဲစဉ်အတွင်း မြန်မာအသင်းက ပွဲစတင်သည်နှင့် ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၉ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဝင်းနိုင်ထွန်းက ခေါင်းတိုက်သွင်းယူကာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ထို့နောက် တီမောအသင်းက ချေပဂိုးရရှိရေး ဖိအားပေး ထိုးဖောက်ကစားခဲ့သော်လည်း ဂိုးရရှိရန် လွဲချော်ခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ်တွင် အသင်းခေါင်းဆောင် သန်းပိုင်က ခေါင်းတိုက်ဂိုး ထပ်မံသွင်းယူခဲ့သဖြင့် မြန်မာအသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရလဒ်ကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာလ ၂၇ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
