ကာကွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ကနေဒါနှင့် ပြင်သစ် သဘောတူညီ

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၆
အမေရိကန်နှင့် ဆက်ဆံရေး တင်းမာမှုများ ရှိနေစဉ်အတွင်း ကနေဒါနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် စီးပွားရေး၊ ကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၀ ရက်တွင် ပူးတွဲကြေညာခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် နှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး တို့သည် ကနေဒါနိုင်ငံ အတ္တလန္တိတ် ကမ်းရိုးတန်းအနီးရှိ ပြင်သစ်ပိုင် စိန့်ပီယာနှင့် မီကွီလွန်ကျွန်းစု (Saint Pierre and Miquelon) ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး လေကြောင်းနှင့် အာကာသနည်းပညာ၊ စွမ်းအင်၊ အရေးပါသော သတ္တုသယံဇာတ၊ ကွမ်တမ် နည်းပညာနှင့် ငါးဖမ်းလုပ်ငန်း စသည့် ကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါတယ်။
ခေါင်းဆောင်နှစ်ဦးစလုံးက မိမိတို့ နှစ်နိုင်ငံ၏ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာနှင့် မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များကို အလေးထား စောင့်ရှောက်သွားမည်ဟု အပြန်အလှန် အတည်ပြုခဲ့ကြပြီး၊ ယခု တွေ့ဆုံမှုသည် အမေရိကန်၏ ဖိအားပေးမှုများကြားမှ ကနေဒါနိုင်ငံ၏ ဥရောပသမဂ္ဂဘက်သို့ ပိုမိုနီးကပ်စွာ ဦးတည်လာသည့် အရေးပါသော စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
