// | DailyBriefNews မြန်မာ အလုပ်သမားမအား လစာ မတရား ဖြတ်တောက်ခဲ့သည့် ဂျပန် ရာမင်ဆိုင် ပိုင်ရှင်ကို လျော်ကြေးပေးရန် တိုကျိုတရားရုံး အမိန့်ချ -

မြန်မာ အလုပ်သမားမအား လစာ မတရား ဖြတ်တောက်ခဲ့သည့် ဂျပန် ရာမင်ဆိုင် ပိုင်ရှင်ကို လျော်ကြေးပေးရန် တိုကျိုတရားရုံး အမိန့်ချ

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Mitsuyado Seimen ရာမင်ခေါက်ဆွဲဆိုင် လုပ်ငန်းရှင်သည် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး၏ လစာများကို မတရားသဖြင့် ဖြတ်တောက်ခဲ့မှုအတွက် လျော်ကြေးအဖြစ် ဂျပန်ယန်း ၁ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၆,၅၇၀ ခန့်) ပေးလျော်ရန် တိုကျိုခရိုင်တရားရုံးက စက်တင်ဘာလ ၁၁ ရက်တွင် အမိန့်ချမှတ်လိုက်ပါတယ်။

အဆိုပါ အသက် ၃၀ အရွယ် မြန်မာအမျိုးသမီးသည် “ကျွမ်းကျင်လုပ်သား” (Specified Skilled Worker) ဗီဇာဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ စာချုပ်အရ အာမခံကြေးနှင့် အဆောင်ခများ ဖြတ်တောက်ပြီးနောက် တစ်လလျှင် ယန်း ၁၈၀,၀၀၀ ခန့် ရရှိရမည် ဖြစ်သော်လည်း၊ ကုမ္ပဏီက အဆောင်အတွက် ကနဦး ကုန်ကျစရိတ်များနှင့် စာချုပ်ချုပ်ဆိုခများကို လစာထဲမှ တစ်ဖက်သတ် ဖြတ်တောက်ခဲ့သဖြင့် မတ်လ လစာ တစ်လစာလုံး လုံးဝ မရရှိခဲ့သည့်အပြင်၊ လုပ်သက် ပထမ ၃ လအတွင်း စုစုပေါင်း ယန်း ၄၀,၀၀၀ ခန့်သာ ရရှိခဲ့ပါတယ်။

တိုကျိုခရိုင်တရားရုံး သဘာပတိတရားသူကြီး Hidehito Hosokawa က ကုမ္ပဏီ၏ အထက်စီးကျသည့် အပြုအမူနှင့် အဆောင်မှ ဖယ်ရှားရန် ဖိအားပေးမှုများသည် အလုပ်သမား၏ အခွင့်အရေးကို ချိုးဖောက်ကာ အစွန်းရောက်အခြေအနေသို့ တွန်းပို့ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မရရှိသေးသည့် လစာနှင့် အခြားစရိတ်များအတွက် ယန်း ၅၆၀,၀၀၀ ခန့်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေး ယန်း ၄၀၀,၀၀၀ ခန့်၊ စုစုပေါင်း ယန်း ၁ သန်းနီးပါးကို အဆိုပါ မြန်မာအမျိုးသမီးအား ပေးလျော်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ-ရုရှား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် နေပြည်တော်၌ ဆွေးနွေး
Next post ပြွန်တန်ဆာနှင့် ဒိုက်ဦးကြား DEMU ရထားနှင့် ထွန်စက်တိုက်မိ၍ လူ ၂ ဦး သေဆုံး