မြန်မာ-ဂျပန် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နေပြည်တော်၌ ဆွေးနွေး

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke အား နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာ-ဂျပန် နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ထိတွေ့ဆက်ဆံရေး၊ လွှတ်တော်ကော်မတီအချင်းချင်း ဆက်ဆံရေးတို့အပြင် လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ်ကလည်း နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်၌ အေးချမ်းသာယာသည့် အခြေအနေများကို တွေ့မြင်ရသဖြင့် ပြင်ပတွင် ဖြစ်ပေါ်နေသည့် သတင်းများနှင့် ကွာခြားလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးနှင့် ယဉ်ကျေးမှုများ လေ့လာနိုင်ရန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
