တူရကီ၌ LGBTQ+ အသိုင်းအဝိုင်းအား စီးနင်းရှာဖွေမှုအတွင်း လူ ၁၆၂ ဦး ဖမ်းဆီးခံရ

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆
တူရကီနိုင်ငံတွင် စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်များက မိသားစုတန်ဖိုးများကို ကာကွယ်ရန်ဟုဆိုကာ LGBTQ+ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြုလုပ်သော စီးနင်းရှာဖွေမှုများအတွင်း အာဏာပိုင်များက လူပေါင်း အနည်းဆုံး ၁၆၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အစ္စတန်ဘူလ်၊ အန်ကာရာအပါအဝင် ပြည်နယ် ၁၅ ခုရှိ လိင်တူချစ်သူများ၏ အရက်ဆိုင်များ၊ ညကလပ်များနှင့် ရေနွေးငွေ့ရေချိုးခန်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး မူးယစ်ဆေးဝါး၊ ဒစ်ဂျစ်တယ်ပစ္စည်းများနှင့် လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်။ ထို့ပြင် LGBTQ+ အဖွဲ့အစည်း ၆ ခု၏ ရုံးခန်းများကို ရှာဖွေစစ်ဆေးခဲ့သည့်အပြင် ဆက်စပ်ဝက်ဘ်ဆိုက်နှင့် လူမှုမီဒီယာအကောင့် ဒါဇင်ပေါင်းများစွာကိုလည်း ကြည့်ရှုခွင့် ပိတ်ပင်ခဲ့ပါတယ်။

တူရကီ တရားရေးဝန်ကြီး အကင် ဂါလက် က ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိသားစုနှင့် ကလေးများကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ပြောကြားခဲ့ပြီး “ကျွန်ုပ်၏မိသားစုသည် လုံခြုံသည်” (My Family is Safe) ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးမှာ သမ္မတ အာဒိုဂန်၏ ကျဆင်းနေသော မွေးဖွားနှုန်းကို မြှင့်တင်ရန် ရည်ရွယ်သည့် “မိသားစုနှင့် လူဦးရေဆိုင်ရာ ဆယ်စုနှစ်” အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များက မတရားသဖြင့် ပစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း ဝေဖန်ထားကြပြီး လေ့လာသူများကလည်း တူရကီတွင် မွေးဖွားနှုန်းကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ LGBTQ+ အသိုင်းအဝိုင်းကြောင့် မဟုတ်ဘဲ စီးပွားရေးအကျပ်အတည်း၊ ငွေကြေးဖောင်းပွမှုနှင့် ကလေးထိန်းသိမ်းစရိတ် မြင့်မားမှုတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။
