“လွန်” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်သည့် ပထမနေ့တွင်ပင် စံချိန်တင် ဝင်ငွေရရှိကာ နှစ်ပတ်ဆက်တိုက် ပြသခွင့်ရရှိ

စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၆
ဖခင်နှင့် သမီးဖြစ်သူတို့ကြားမှ မေတ္တာတရားကို အဓိက အနုပညာပုံဖော်ထားသည့် “လွန်” ဒရာမာ ရုပ်ရှင်ဇာတ်ကားကြီးသည် စတင်ရုံတင်ပြသသည့် အဖွင့်နေ့၌ပင် စံချိန်တင် ဝင်ငွေများ ရရှိကာ အောင်မြင်မှုရရှိခဲ့ခြင်းကြောင့် နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့် ရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ သရုပ်ဆောင် ဝင့်ယမုံနိုင်က “ဒီဇာတ်ကားက အဖေနဲ့ သမီးလေးကြားက မေတ္တာတရားတွေကို အနှစ်သာရရှိရှိ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပြီး၊ အားလုံး ကြိုးစားထားကြသည့်အတိုင်း ရုံတင်သည့် အဖွင့်နေ့မှာတင် စံချိန်တင် အောင်မြင်ခဲ့သည့်အတွက် အရမ်းပျော်ရွှင်ရကြောင်း” ပြောကြားခဲ့ပါတယ်။
ယင်းရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း/ဇာတ်ညွှန်း အောင်ချမ်းသာ က ရေးသားပြီး ဒါရိုက်တာ နေပိုင် က ပုဂံဒေသကို နောက်ခံထား၍ အတ္တ၊ မာန၊ ငွေကြေး၊ အာဏာနှင့် မေတ္တာတို့ကြားမှ လွန်ဆွဲပွဲများကို ဒရာမာပုံစံ ဖန်တီးရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်ကားတွင် အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ ရဲအောင်၊ ဝင့်ယမုံနိုင်၊ သံသာမိုးသိမ့်၊ အထူးဧည့်သည် သရုပ်ဆောင် တိုင်ရွန် အပါအဝင် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
