ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေးအား ရုံးတင်စစ်ဆေးမှု မပြုလုပ်မီ ထောက်ခံသူများ စုဝေးအင်အားပြသ

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ ဆာရာဒူတာတေးအား ပြင်းထန်သော ခြိမ်းခြောက်မှုပြုလုပ်မှု စွဲချက် ၃ ခုဖြင့် ရုံးတင်စစ်ဆေးမှု မပြုလုပ်မီ သူမအား ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထောက်ခံသူ လူအုပ်စုတစ်စုသည် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကွီဇုန်စီတီး မြို့တော်ခန်းမအပြင်ဘက်၌ စုဝေးခဲ့ကြပါတယ်။
အဆိုပါစွဲချက်များသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဆာရာဒူတာတေး ပြောကြားခဲ့သည့် မိမိသာ အသတ်ခံရပါက သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အား ပြန်လည်သတ်ဖြတ်ရန် လူငှားရမ်းထားသည်ဆိုသော မှတ်ချက်များကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ယင်းအမှုနှင့် ပတ်သက်၍ ကွီဇုန်စီတီး ဒေသတရားရုံးဌာနခွဲ ၉၈ တွင် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရုံးတင်စစ်ဆေးပြီး စွဲချက်တင်ရန် စီစဉ်ခဲ့ရာ ဒုတိယသမ္မတကိုယ်တိုင် လာရောက်မည်ဖြစ်ကြောင်း သူမ၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားပါတယ်။
ဆာရာဒူတာတေးကို စက်တင်ဘာလ ၄ ရက်တွင် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သော်လည်း နောက်တစ်နေ့၌ ပီဆို ၃၆၀,၀၀၀ ဖြင့် အာမခံ ရယူခဲ့ပါတယ်။ ထို့ပြင် ယင်းမှတ်ချက်များသည် အထက်လွှတ်တော်တွင် သူမအား ရာထူးမှ ဖယ်ရှားရေး လုပ်ငန်းစဉ်ဆိုင်ရာ စွဲချက်များတွင်လည်း ပါဝင်နေပါတယ်။ ဒုတိယသမ္မတဘက်ကမူ ၎င်းသည် တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးဖြစ်သဖြင့် တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်ဟု အကြောင်းပြကာ ဒေသတရားရုံး၏ စစ်ဆေးမှုကို တားဆီးပေးရန် စက်တင်ဘာလ ၁၁ ရက်တွင် တရားရုံးချုပ်ထံ လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
