မြန်မာနယ်စပ်အနီး ကမ်ဂျုန်းခရိုင်ရှိ ကျေးရွာ သုံးရွာ တိုက်ခိုက်ခံရမှုကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေကြောင်း မဏိပူရ် ပြည်ထဲရေးဝန်ကြီး ပြောကြား

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆
အိန္ဒိယ-မြန်မာ နယ်စပ် ကမ်ဂျုန်း (Kamjong) ခရိုင်အတွင်းရှိ ကျေးရွာ သုံးရွာကို လက်နက်ကိုင် သောင်းကျန်းသူများ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အား ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မဏိပူရ် ပြည်နယ် ပြည်ထဲရေးဝန်ကြီး Mr. Konthoujam Govindas Singh က တနင်္ဂနွေနေ့တွင် ပြည်နယ်လွှတ်တော်၌ ပြောကြားခဲ့ပါတယ်။
မေ ၇ ရက်က ခြံစည်းရိုးခတ်မထားသော မြန်မာနယ်စပ်အနီး ကမ်ဂျုန်းခရိုင်အတွင်းရှိ ဇတ်ချိုရို (Z. Choro)၊ နမ်လီ (Namlee) နှင့် ဝမ်လီ (Wanglee) ကျေးရွာများ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး၊ လူတစ်ဦး ဒဏ်ရာရကာ နေအိမ် ၂၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ရူပီး ၅ ကုဋေကျော် တန်ဖိုးရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်သလို နယ်စပ်ကျေးရွာများ၌လည်း လုံလောက်သော လုံခြုံရေး အစီအစဉ်များ ပြုလုပ်ပေးထားကြောင်း သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွင် မြန်မာနိုင်ငံအခြေစိုက် KNF (B) အဖွဲ့ ပါဝင်ပတ်သက်မှု ရှိမရှိကိုမူ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ထို့ပြင် မဏိပူရ် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) အပါအဝင် ပူးပေါင်းလုံခြုံရေး တပ်ဖွဲ့များသည် တနင်္လာနေ့က ကန်းပေါ့ပီ (Kangpokpi) ခရိုင်အတွင်း ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ ကူကီး လွတ်မြောက်ရေးတပ်မတော် (KLA) တပ်ဖွဲ့ဝင် ၈ ဦးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ စခန်းတစ်ခုကိုလည်း ဝင်ရောက်စီးနင်း ပိတ်ဆို့ခဲ့ကြောင်း သိရပါတယ်။
