// | DailyBriefNews လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှု ပိတ်ဆို့ရေးလုပ်ငန်းများ၌ Steel Sheet Pile ရိုက်သွင်းခြင်း အပြီးသတ်ပြီးစီး၍ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ပြီဖြစ် -

လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှု ပိတ်ဆို့ရေးလုပ်ငန်းများ၌ Steel Sheet Pile ရိုက်သွင်းခြင်း အပြီးသတ်ပြီးစီး၍ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ပြီဖြစ်

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုဖြစ်စဉ်တွင် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများအတွက် Steel Sheet Pile များ ရိုက်သွင်းကာရံခြင်းလုပ်ငန်းများ အပြီးသတ်ပြီးစီးသွားပြီဖြစ်၍ စက်တင်ဘာ ၈ ရက်မှစတင်ကာ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ငဝန်တာသည် လေးမျက်နှာမြို့နယ်အတွင်း တာမိုင် ၁၉/၁ မှ ၃၉/၀ အထိ မိုင် ၂၀ ခန့် ရှည်လျားပြီး မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၂၁ အုပ်စုကို ကာကွယ်ပေးထားသည့် တာတမံဖြစ်ပါတယ်။ ဇူလိုင်လနှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်ကာ တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှု ဇူလိုင် ၃၀ ရက်တွင် စတင်ဖြစ်ပေါ်ခဲ့သဖြင့် ဩဂုတ် ၄ ရက်မှစ၍ အရေးပေါ် ပိတ်ဆို့ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

လုပ်ငန်းဆောင်ရွက်ရာတွင် ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန်မှု၊ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် Steel Sheet Pile များ ရိုက်သွင်းခြင်း၊ Geo-bags နှင့် သဲအိတ်များချခြင်း၊ ရေယာဉ်များဖြင့် သဲမှုတ်ထည့်ခြင်းနှင့် CB တွဲခွံများ စေ့မြှုပ်ခြင်းတို့ကို နေ့ရောညပါ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် Steel Sheet Pile များ အပြီးသတ်ရိုက်သွင်းပြီးစီးသွားပြီဖြစ်သော်လည်း အတွင်းအပြင် ရေမျက်နှာပြင် ကွာခြားမှုကြောင့် ဖြစ်ပေါ်လာသည့် ရေတွန်းအားကို ခံနိုင်ရည်ရှိစေရန်အတွက် Jumbo Bags (သဲအိတ်များ) ဆက်လက်ချခြင်း၊ သောင်တူးရေယာဉ်ဖြင့် သဲမှုတ်ထည့်ခြင်း၊ Concrete Sinker အတုံးများချခြင်းနှင့် သံမဏိဒေါက်တိုင်များ ကျားကန်ထောက်ပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၌ ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၂ ဦး အမတ်နေရာ စွန့်လွှတ်လိုက်ရပြီး ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦး အစားထိုး အမတ်ဖြစ်လာ
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်