အာနက်ကရာကာတော မီးတောင်ပြာများကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနှင့် လမ်ပွန် လေဆိပ်များတွင် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ အာနက်ကရာကာတော (Anak Krakatau) မီးတောင်မှ မီးတောင်ပြာများသည် ဂျာဗားနှင့် ဆူမားတြားဒေသများသို့ ပျံ့နှံ့လာမှုကြောင့် စက်တင်ဘာ ၆ ရက်တွင် မြို့တော် ဂျာကာတာနှင့် လမ်ပွန်ရှိ လေဆိပ်များ၌ လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရကြောင်း နိုင်ငံပိုင် လေဆိပ်အော်ပရေတာ InJourney Airports ၏ ပြောကြားချက်အရ သိရပါတယ်။
အဆိုပါ မီးတောင်ပြာများကြောင့် ဂျာကာတာရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ် ပိတ်ထားမှုကို ဒေသစံတော်ချိန် စက်တင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီခွဲအထိ တိုးမြှင့်ခဲ့ရသလို၊ Halim Perdanakusuma လေဆိပ်နှင့် လမ်ပွန်ရှိ Radin Inten II လေဆိပ်တို့ကိုလည်း ယာယီ ပိတ်ထားခဲ့ရပါတယ်။ ထို့ပြင် ယိုဂျာကာတာ၊ မီနန်ကာဘူနှင့် ဆူပါဒီယို အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင်လည်း လေယာဉ်ခရီးစဉ် အချိန်ဇယားများ ထိခိုက်ခဲ့ပါတယ်။
Soekarno-Hatta လေဆိပ် ပိတ်ထားရမှုကြောင့် ခရီးသည် ၂၂,၇၉၈ ဦးနှင့် လေယာဉ်ခရီးစဉ် ၂၀၉ ခု ထိခိုက်ခဲ့ပြီး စင်ကာပူ၊ ဟောင်ကောင်၊ ဆစ်ဒနီ၊ ဆိုးလ်၊ ဒိုဟာ၊ အမ်စတာဒမ်နှင့် ကွာလာလမ်ပူတို့သို့ ပြေးဆွဲသည့် နိုင်ငံတကာ လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခြင်း၊ နှောင့်နှေးခြင်းနှင့် အချိန်ဇယား ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ရပါတယ်။ ဆန်ဒါ ရေလက်ကြားတွင် တည်ရှိသော ယင်းမီးတောင်သည် ဇူလိုင်လစောပိုင်းကတည်းက စတင်လှုပ်ရှားခဲ့ပြီး စက်တင်ဘာ ၄ ရက်ညပိုင်းတွင် ပေါက်ကွဲမှုများ ပိုမိုပြင်းထန်လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

I like this