မန်ယူဂန္တဝင် ကစားသမား ၄ ဦး အောက်တိုဘာလကုန်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံ၌ ပရိသတ်အားပေးမှု အများအပြား ရရှိထားသည့် မန်ချက်စတာယူနိုက်တက်အသင်း၏ ဂန္တဝင်ကစားသမား ၄ ဦးဖြစ်သော ရွိုင်ယန်ဂစ် (Ryan Giggs)၊ အန်ဒါဆန် (Anderson)၊ ဒီမီတာ ဘာဘာတော့ဗ် (Dimitar Berbatov) နှင့် ပတ်ထရစ် အီဗရာ (Patrice Evra) တို့သည် လာမည့်အောက်တိုဘာလကုန်တွင် မြန်မာနိုင်ငံသို့ လာရောက်၍ ပရိသတ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Legendary Players Meet and Greet လူမှုကွန်ရက် စာမျက်နှာ၏ ထုတ်ပြန်ချက်အရ အဆိုပါ ဂန္တဝင် ကစားသမားများသည် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ Melia Hotel ၌ ပရိသတ်များနှင့် တွေ့ဆုံပွဲ ပြုလုပ်သွားမည် ဖြစ်ပါတယ်။ ပထမနှစ်ရက်တွင် မြန်မာနိုင်ငံရှိ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားများအတွက် အတွေ့အကြုံ မျှဝေပွဲနှင့် ပရိသတ်တွေ့ဆုံပွဲများ ပြုလုပ်မည်ဖြစ်ပြီး ဝင်ခွင့်လက်မှတ် ဈေးနှုန်းများကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု ဆိုပါတယ်။

တွေ့ဆုံပွဲ နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၁ ရက်တွင်မူ အင်းလျားရိပ်သာဟိုတယ်ဝင်းရှိ YCC ခန်းမ၌ မန်ယူ ဂန္တဝင် ၄ ဦးနှင့်အတူ အဆိုတော် ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ Lu Hpring၊ ထွန်းထွန်း၊ ဝိုင်းစုခိုင်သိန်းနှင့် ရဲလေးတို့ ပါဝင်သည့် သီဆိုဖျော်ဖြေပွဲဖြင့် ပရိသတ်များကို တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရပါတယ်။

