ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလမ် က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဗီယက်နမ်သို့ လာရောက်ရန် ဖိတ်ကြား

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆
ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့နိုင်ငံ၏ သမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ တိုလမ် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဗီယက်နမ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် သတင်းစကားပါး ဖိတ်ကြားခဲ့ပါတယ်။

ထို့အပြင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး၏ ခိုင်မာမှု၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသစ်များ တိုးချဲ့ရေး၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူများအကြား ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် CLMV နှင့် ACMECS ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေအနေများအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ထောက်ခံအားပေးသွားမည့် အခြေအနေများကိုပါ အပြုသဘော ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
