MOFA ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားသံရုံးယာယီတာဝန်ခံနှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ကို သီးခြားစီတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် ၂၅
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဩဂုတ် ၂၄ ရက်တွင် ရန်ကုန်မြိုရှိ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross တိုအား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံနှင့် တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်တိုးတက်ခိုင်မာစေရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross အား သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနှင့် UNOPS တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအပြင် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
