အီတလီတွင် တရုတ်နိုင်ငံလုပ် လျှပ်စစ်စွမ်းအင်သုံး ကားများ လူကြိုက်များမှု အရှိန်အဟုန်ဖြင့် တိုးတက်လာ

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၆
အီတလီနိုင်ငံ၏ မော်တော်ကားဈေးကွက်တွင် တရုတ်နိုင်ငံလုပ် လျှပ်စစ်စွမ်းအင်သုံး ကားများ၊ အထူးသဖြင့် BYD အမှတ်တံဆိပ် မော်တော်ကားများ အရောင်းရဆုံးအဖြစ် လူကြိုက်များမှု အရှိန်အဟုန်ဖြင့် တိုးတက်လာနေကြောင်း သိရပါတယ်။ အီတလီ မော်တော်ကားလုပ်ငန်းအသင်း (UNRAE) ရဲ့ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမ ခုနစ်လအတွင်း အီတလီ၌ တရုတ်နိုင်ငံလုပ် BYD ခရီးသည်တင်ကား ၃၃,၉၇၃ စီး မှတ်ပုံတင်ခဲ့ပြီး ယခင်နှစ်ထက် ၁၉၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့တာပါ။ ဒါ့ပြင် ဈေးကွက်ဝေစုမှာလည်း ၁ ဒသမ ၁၈ ရာခိုင်နှုန်းကနေ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။

ဇူလိုင်လ တစ်လတည်းမှာပင် အီတလီ၌ BYD ခရီးသည်တင်ကား ၄,၄၆၆ စီး မှတ်ပုံတင်ခဲ့ကာ ၁၂၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ အီတလီ လျှပ်စစ်ကားအသင်း (Motus-E) ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီမှ ဇူလိုင်လအထိ ဘက်ထရီလျှပ်စစ်ကား (BEV) စုစုပေါင်း ၈၆,၀၀၃ စီး မှတ်ပုံတင်ခဲ့ရာမှာ တရုတ်နိုင်ငံထုတ် Leapmotor T03 မော်ဒယ်က ၂၂,၃၅၃ စီးဖြင့် BEV ဈေးကွက်၏ ၂၆ ရာခိုင်နှုန်းခန့်အထိ ရရှိခဲ့ပြီး၊ BYD Dolphin Surf မော်ဒယ်ကလည်း ဇူလိုင်လ၏ အရောင်းရဆုံး လျှပ်စစ်ကား ဖြစ်လာခဲ့ပါတယ်။

တရုတ် မော်တော်ကားများ အလျင်အမြန် နေရာရလာရခြင်းမှာ သက်သာသော ယှဉ်ပြိုင်မှုဈေးနှုန်းများ၊ အရည်အသွေးမြင့်မားမှုနှင့် မော်ဒယ်အမျိုးအစား စုံလင်မှုတို့ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် အီတလီ၌ အားသွင်းစနစ် အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိနေသေးသဖြင့် Plug-in စွမ်းအင်နှစ်မျိုးသုံး ဟိုက်ဘရစ် (PHEV) ကားများ ပိုမိုရေပန်းစားနေပြီး အီတလီတွင် ရောင်းချရသည့် Plug-in Hybrid လေးစီးတွင် တစ်စီးထက်ပိုသော ကားများမှာ BYD ဖြစ်ကြောင်း သိရပါတယ်။
BYD Europe က အီတလီသည် ၎င်းတို့၏ ဥရောပဈေးကွက် မဟာဗျူဟာတွင် အဓိကကျသော ဈေးကွက်တစ်ခုဖြစ်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် လက်တွေ့ကျပြီး တတ်နိုင်သော ကားများကို ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဥရောပတွင် ကားများ ရောင်းချရုံတင်မကဘဲ မော်တော်ကား ဂေဟစနစ်တွင် ရေရှည်ပါဝင်သူဖြစ်လာရန် ရည်မှန်းထားပြီး တရုတ်နှင့် ဥရောပ မော်တော်ကား မိတ်ဖက်များအကြား နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိန်းသိမ်းပြောဆိုထားပါတယ်။
