သန်လျင် ရေနံချက်စက်ရုံရှိ ရေလှောင်ကန် တမံပေါက်မှုကို လူအင်အား ၇၀၀ ခန့်ဖြင့် ယာယီ ထိန်းသိမ်းနိုင်ခဲ့

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှတ် (၁) ရေနံချက်စက်ရုံဝင်းအတွင်းရှိ ရေဂါလံ ၄၄ သန်းဆံ့ စက်ကန် (ရေလှောင်ကန်) ၌ ဩဂုတ် ၁၀ ရက် ညနေပိုင်းတွင် အောက်ခြေ ၅ ပေပတ်လည်ခန့် မြေသားတမံ ပေါက်မှု ဖြစ်ပွားခဲ့ပါတယ်။


လူနေရပ်ကွက်များအတွင်း ရေမဝင်ရောက်စေရန် ဌာနဆိုင်ရာများ၊ တပ်မတော်၊ မီးသတ်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူများ ပါဝင်သော လူအင်အား ၇၀၀ ခန့်ဖြင့် မျောတုံးများ ပိုင်ရိုက်ခြင်း၊ သဲအိတ်များ ကာရံခြင်းနှင့် စက်ယန္တရားများ သုံးစွဲ၍ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြရာ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် ယာယီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိခဲ့ဘဲ စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရပါတယ်။ လက်ရှိတွင် ကန်ရေပမာဏ လျှော့ချရန် ရေထုတ်ပန့်များဖြင့် ရေထုတ်ပေးနေပြီး နေ့ည ရေကင်းများ ချထားကာ စက်ရုံမှ နည်းပညာရှင်များဖြင့် တာဘောင် ခိုင်မာရေးအတွက် ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။ အခင်းဖြစ်ပွားရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင်များ ရောက်ရှိလာပြီး ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသူများကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
