ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကော်ဇောနီခင်း ကြိုဆို

ဩဂုတ်လ ၆ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတအား ဒွန်မောင်းလေဆိပ်၌ စစ်ရေးအခမ်းအနားဖြင့် လှိုက်လှဲစွာ ကြိုဆို
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ် ၆ ရက် နံနက်ပိုင်းမှာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဘန်ကောက်မြို့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။



လေဆိပ်မှာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် စီဟာဆက် ဖူအာကက်ကောင်း ဦးဆောင်တဲ့ အဆင့်မြင့် အရာရှိကြီးတွေနဲ့ မြန်မာသံရုံး၊ စစ်သံရုံး တာဝန်ရှိသူတွေက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး၊ ထိုင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ကလည်း နိုင်ငံ့ခေါင်းဆောင်များ၏ တရားဝင် ခရီးစဉ် အစဉ်အလာအတိုင်း စစ်ရေးအခမ်းအနားဖြင့် ကော်ဇောနီခင်းကာ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုထင်က သမ္မတ ဦးမင်းအောင်လှိုင်ကို ထိုင်းအစိုးရအဖွဲ့ရုံးမှာ တရားဝင် အခမ်းအနားနဲ့ နိုင်ငံတော်အဆင့် ဆက်လက် ဂုဏ်ပြုကြိုဆိုမှာဖြစ်သလို နှစ်နိုင်ငံ ခေါင်းဆောင်တွေက ဂုဏ်ပြုတပ်ဖွဲ့ကို ပူးတွဲ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ခရီးစဉ်မှာ သမ္မတနဲ့အတူ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေ လိုက်ပါသွားကြကြောင်း သိရပါတယ်။
