// | DailyBriefNews အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း -

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ဇူလိုင် ၂၈၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း၍ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ရောက်ရှိရာ စာကြည့်တိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ထို့နောက် စာကြည့်တိုက်ညီလာခံခန်းမ၌ တာဝန်ရှိသူတစ်ဦးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ သမိုင်းအကျဉ်း၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စာဖတ်ခန်းနှင့် စာအုပ်ငှားရမ်းဝန်ဆောင်မှုများ၊ ကလေးစာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ပေးထားမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ထို့ပြင် စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု၊ စာကြည့်တိုက်ပညာပြန့်ပွားရေးလုပ်ငန်းများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ နိုင်ငံတကာစာကြည့်တိုက်များနှင့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက စာကြည့်တိုက်ပညာပြန့်ပွားရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းပြင်ပပညာရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးလက်ဒေသများအပါအဝင် အမြို့မြို့အနယ်နယ်၌ စာကြည့်တိုက်များ တည်ဆောက်ပေးကာ စာအုပ်စာပေများ ဖြည့်ဆည်းပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

မိမိတို့နိုင်ငံ၌ စာအုပ်စာပေဖတ်ရှုသူ အချိုးအစား နည်းပါးနေဆဲဖြစ်သဖြင့် လူငယ်လူရွယ်များနှင့် အသိပညာဗဟုသုတ ရှာမှီးလိုသူများ စာကြည့်တိုက်များသို့ လာရောက်ဖတ်ရှုလေ့လာနိုင်ရေးနှင့် စာဖတ်သည့်အလေ့အထ ထွန်းကားလာရေးအတွက် စည်းရုံးပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါတယ်။

ထို့အတူ ခေတ်ကာလတိုးတက်ပြောင်းလဲလာသည်နှင့်အညီ စာအုပ်စာပေများကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာဖတ်ရှုလေ့လာနိုင်ရေး ဒစ်ဂျစ်တယ်စာကြည့်တိုက်လုပ်ငန်းများကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သည် နိုင်ငံ၏သမိုင်းဝင်စာကြည့်တိုက်ကြီးတစ်ခုဖြစ်သဖြင့် အဖိုးတန်သမိုင်းဝင်စာအုပ်စာစောင်များကို ပြည့်ပြည့်စုံစုံ ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ သမိုင်းအထောက်အထားများသည် နိုင်ငံ၏ယဉ်ကျေးမှုတန်ဖိုးနှင့် ပုံရိပ်မှန်များကို ဖော်ပြပေးနေသည့် အရေးကြီးမှတ်တမ်းများဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

နိုင်ငံ၏သမိုင်းကြောင်းများကို ဖတ်ရှုလေ့လာခြင်းဖြင့် အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်တို့ ပိုမိုရှင်သန်ထက်မြက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားစာကြည့်တိုက်သည် သမိုင်းကိုအထောက်အကူပြုသည့် စာအုပ်စာပေနှင့် မှတ်တမ်းများ ပြည့်စုံစွာထားရှိပြီး ကျောင်းသား၊ ကျောင်းသူနှင့် လူငယ်လူရွယ်များအတွက် အမှန်တကယ် အကျိုးပြုသည့် စာကြည့်တိုက်ဖြစ်ရန်လိုကြောင်း မှာကြားခဲ့ပါတယ်။

စာအုပ်စာပေများသည် သမိုင်းကြောင်းအရ တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့်အတွက် မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း၍ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေများပြားသည့် မြို့ကြီးများ၌ သမိုင်းတန်ဖိုးရှိသော စာအုပ်၊ စာစောင်နှင့် သတင်းစာများ ပြည့်ပြည့်စုံစုံ ထိန်းသိမ်းထားရှိသည့် ပြည်သူ့စာကြည့်တိုက်များ ဖော်ဆောင်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပထမထပ်ရှိ ဒစ်ဂျစ်တယ်စာကြည့်တိုက်၊ ဒုတိယထပ်ရှိ ရည်ညွှန်းစာဖတ်ခန်း၊ အထွေထွေစာဖတ်ခန်းနှင့် ရှားပါးစာဖတ်ခန်း၊ တတိယထပ်ရှိ ကလေးစာကြည့်တိုက်၊ မြေညီထပ်ရှိ Data Center၊ စာအုပ်စင်ခန်းနှင့် ပြခန်းငယ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး စာကြည့်တိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီမှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားသို့ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြား
Next post အမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပေးမည့် အသိပညာဗဟိုဌာနဖြစ်စေရေး နိုင်ငံတော်သမ္မတ လမ်းညွှန်