// | DailyBriefNews မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၇) ဒီနေ့စမယ် -

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၇) ဒီနေ့စမယ်

ဇူလိုင် ၂၇၊ ၂၀၂၆

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၇) ကို ဒီညနေ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ 

ပွဲစဥ် (၇) အဖြစ် ဒီညနေ YUSC ကွင်းမှာ ရတနာပုံအသင်းနဲ့ ဧရာဝတီအသင်း၊ တောင်ကြီးကွင်းမှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်း၊ ဇူလိုင် ၂၈ ရက် YUSC ကွင်းမှာ Young Lionesses အသင်းနဲ့ ဇွဲကပင်ယူနိုက်တက်အသင်း၊ ဇူလိုင် ၂၉ ရက် ပဒုမ္မာကွင်းမှာ ISPE အသင်းနဲ့ ရန်ကုန်စီးတီးအသင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) မှာ မြဝတီအသင်းနဲ့ သစ္စာအားမာန်အသင်းတို့ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ပွဲစဥ် (၆) အပြီးမှာ ISPE အသင်းက (၅) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရမှတ် (၁၆) မှတ်နဲ့ အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေပြီး လက်ရှိချန်ပီယံ ဧရာဝတီအသင်းက (၅) ပွဲနိုင်၊ (၁) ပွဲရှုံး၊ ရမှတ် (၁၅) မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် အသင်း (၁၀) သင်းစလုံးကို ရပ်တည်မှုအဆင့်အလိုက် ဆုကြေးငွေများပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

MFF ရဲ့ တရားဝင်ထုတ်ပြန်မှုအရ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းက ဆုကြေး ကျပ်သိန်း (၁၀၀၀)၊ ဒုတိယ ကျပ်သိန်း (၇၀၀)၊ တတိယ ကျပ်သိန်း (၅၀၀)၊ အဆင့် (၄) ကျပ်သိန်း (၃၀၀)၊ အဆင့် (၅) ကျပ်သိန်း (၂၀၀)၊ အဆင့် (၆) ကျပ် (၁၇၅) သိန်း၊ အဆင့် (၇) ကျပ်သိန်း (၁၅၀)၊ အဆင့် (၈) ကျပ် (၁၂၅) သိန်း၊ အဆင့် (၉) ကျပ်သိန်း (၁၀၀) နဲ့ အဆင့် (၁၀) ကျပ် (၇၅) သိန်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပြိုင်ပွဲဝင်အသင်း (၁၀) သင်းစလုံးကို အခြေခံထောက်ပံ့ငွေအဖြစ် တစ်သင်းလျှင် ကျပ်သိန်း (၅၀၀) စီ ပေးအပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် MFF က သတ်မှတ်ထားသော Development Criteria များနဲ့ ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့အသင်းများကို ကျပ်သိန်း (၂၀၀) စီ ထပ်မံပေးအပ်သွားဖို့ စီစဥ်ထားကြောင်းလည်း သိရပါတယ်။

ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို လက်ရှိချန်ပီယံ ဧရာဝတီ၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ မြဝတီ၊ ISPE၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီ၊ Young Lionesses၊ ရတနာပုံနဲ့ ဇွဲကပင်ယူနိုက်တက်အသင်း (၁၀) သင်း ပါဝင်ယှဥ်ပြိုင်နေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဧရာဝတီအသင်းဟာ ချန်ပီယံဆုကြေး ကျပ်သိန်း (၅၀၀) သာ ရရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိမ်ကွင်းနှစ်ပွဲကို အနိုင်ကစားမယ်လို့ မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ်ပြောကြား
Next post အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း သြဂုတ်လအတွင်း လေ့ကျင့်မှုများ စတင်မည်