// | DailyBriefNews မြန်မာအမျိုးသမီးအသင်း စက်တင်ဘာ ၁၄ ရက်မှာ တောင်ကိုရီးယားအသင်းနဲ့ စတင်ကစားရမယ် -

မြန်မာအမျိုးသမီးအသင်း စက်တင်ဘာ ၁၄ ရက်မှာ တောင်ကိုရီးယားအသင်းနဲ့ စတင်ကစားရမယ်

ဇူလိုင် ၂၄၊ ၂၀၂၆

မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် စက်တင်ဘာ ၁၄ ရက်မှာ တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

အကြိမ် ၂၀ မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃ ရက်က ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ  အုပ်စု (B) မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်ခဲ့ပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း ၁၂ သင်းနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပြီး လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပမှာဖြစ်ပါတယ်။

အုပ်စုခွဲဝေထားမှုအရ  အုပ်စု (A) မှာ အိမ်ရှင် ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု (B) မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အုပ်စု (C) မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။

အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ ၁၄ ရက်မှာ အုပ်စုပထမပွဲအဖြစ်  တောင်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ ၁၇ ရက်မှာ အုပ်စုဒုတိယပွဲအဖြစ် မြောက်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ ၂၁ ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုတွင်းမှာ  ကမ္ဘာ့အဆင့်ထိပ်တန်းရှိ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအမျိုးသမီးအသင်းတို့ကို အနိုင်ရမှာမဟုတ်သော်လည်း အုပ်စုတတိယနေရာအတွက် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကို အနိုင်ရအောင် ကစားရမှာ ဖြစ်ပါတယ်။

ဒါမှသာ အကောင်းဆုံးအုပ်စုတတိယနေရာကနေ ကွာတားဖိုင်နယ် တက်ရောက်ခွင့်အတွက် မျှော်လင့်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းကို ဂျပန်နိုင်ငံသားနည်းပြဖြစ်သူ မစ်ဆူအိုကာတို့က ပြီးခဲ့တဲ့မေလကစပြီး တာဝန်ယူကိုင်တွယ်နေကာ လာမယ့် အာရှအားကစားပြိုင်ပွဲက သူ့အတွက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပီရူးနိုင်ငံ မြို့တော်လီမာတွင် အိမ်မီးလောင်မှု ဖြစ်ပွားရာမှ လူ ဆယ်ဦးသေဆုံး
Next post မြန်မာ့လက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းပွဲများအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကျပ် ၂၀၀၀၊ ၃၀၀၀၊ ၇၀၀၀ သတ်မှတ်