ကမ္ဘာ့အဆင့် 8 Ball ပြိုင်ပွဲမှာ ဘုန်းမြင့်ကျော် (ခ) အားတီ ဒုတိယဆုရရှိ

ဇူလိုင် ၂၂၊ ၂၀၂၆
ကမ္ဘာ့အဆင့် 8 Ball ပြိုင်ပွဲဖြစ်တဲ့ 2026 Joy Heyball Masters ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီဟာ ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဟေနန်ပြည်နယ်၊ ကျန်ဇူးမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် (၁) ရက်ကနေ (၁၇) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့အဆင့်ရှိ နိုင်ငံတကာမှ ဘိလိယက်ကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲမှာ ဘုန်းမြင့်ကျော် (ခ) အားတီဟာ ပထမအဆင့်ကနေ စတင်ယှဥ်ပြိုင်ခဲ့ရပြီး ဖိလစ်ပိုင်၊ အင်္ဂလန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်ကစားသမားများကို အနိုင်ယူကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဘုန်းမြင့်ကျော် (ခ) အားတီဟာ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် (၁) ရှိ တရုတ်ကစားသမားနဲ့ ယှဥ်ပြိုင်ခဲ့ပြီး အကြိတ်အနယ်ရှိခဲ့ကာ ရမှတ် (၃၂)မှတ်အထိ တူညီနေခဲ့ပြီးမှ (၃၄-၃၇) မှတ်နဲ့ ကပ်ရှုးကာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ပြိုင်ပွဲအပြီးမှာ ကမ္ဘာ့အဆင့် (၁) တရုတ်ကစားသမားက ပထမ၊ ဘုန်းမြင့်ကျော် (ခ) အားတီက ဒုတိယ၊ တရုတ်ကစားသမားနှစ်ဦးက ပူးတွဲတတိယဆုများ ရရှိခဲ့ကြောင်း သိရပါတယ်။
ဘုန်းမြင့်ကျော် (ခ) အားတီဟာ ဇူလိုင် (၂၀) ရက် ညပိုင်က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲချုပ်မှ ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။
