သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် သီလရှင်ဆရာလေးတစ်ပါးက ပါရဂူဘွဲ့ကျမ်းကို အောင်မြင်စွာ ရေးသားတင်သွင်းနိုင်ခဲ့သဖြင့် ပါရဂူဘွဲ့ အပ်နှင်းခြင်းခံရမည်ဟု သိရဩ၏

ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၆
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် သီလရှင်ဆရာလေးတစ်ပါးက ပါရဂူဘွဲ့ကျမ်းကို အောင်မြင်စွာ ရေးသားတင်သွင်းနိုင်ခဲ့သညဖြင့် ပါရဂူဘွဲ့ အပ်နှင်းခြင်းခံရမည်ဟု သိရပါတယ်။
စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပပြုလုပ်သော ပါရဂူဘွဲ့ (Ph.D) ကျမ်းစာနှုတ်ဖြေစာမေးပွဲ (Viva Voce Examination) ကို ကျွမ်းကျင်ပညာရှင် (Internal Expert)၊ စာစစ်မှူး (Internal Examiner) တို့နှင့်တကွ မဟာဌာနအဖွဲ့ဝင် ဆရာ(Faculty Members) ရှေ့မှောက်တွင် အောင်မြင်စွာ ခုခံကာကွယ်ဖြေဆိုနိုင်ခဲ့သည့်အတွက် ဆရာလေး မကုလဝတီ — Ma Kulavatī (SIBA. Ph.D-38) (Roll No-3707) အား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ထုတ်ပြန်ခဲ့ပါတယ်။
ဆရာလေး တင်သွင်းကာကွယ်ခဲ့သော ပါရဂူဘွဲ့ကျမ်းခေါင်းစဉ်မှာ “AN ANALYTICAL STUDY OF THREE KINDS OF KNOWLEDGE: SUTAMAYA PAÑÑĀ, CINTĀMAYA PAÑÑĀ AND BHĀVANĀMAYA PAÑÑĀ WITH SPECIAL REFERENCE TO VISUDDHIMAGGA” ဖြစ်ပြီး၊ ကျမ်းကြီးကြပ်သူမှာ Dr. Ashin Sumaṅgala ဖြစ်ပါတယ်။
ဆရာလေး မကုလဝတီသည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ သမိုင်းတစ်လျှောက်တွင် ပါရဂူဘွဲ့ကျမ်း (Ph.D Dissertation) ကို အောင်မြင်စွာ ရေးသားတင်သွင်းနိုင်ခဲ့ပြီး ပါရဂူဘွဲ့ (Ph.D Degree) အပ်နှင်းခြင်းခံရမည့် ပထမဦးဆုံးသော သီလရှင် ဆရာလေးတစ်ပါး ဖြစ်သည်ဟုလည်း သိရပါတယ်။
ဤကဲ့သို့ ထူးချွန်သော ပညာရေးမှတ်တိုင်နှင့် အောင်မြင်မှုအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (S.I.B.A) အနေဖြင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းနှင့် ဆရာလေးအနေဖြင့် နောင်အနာဂတ်တွင်လည်း ပညာရေးဆိုင်ရာလုပ်ငန်းများ (Academics) ၌လည်းကောင်း၊ ဗုဒ္ဓသာသနာပြုလုပ်ငန်းများ (Missionary Work) ၌လည်းကောင်း အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

ဆရာလေး မကုလဝတီ သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်တွင် ခမည်းတော် ဦးတင်ဝင်း နှင့် မယ်တော် ဒေါ်ခင်စန်းရီ တို့မှ ၁၃၄၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ တနင်္လာနေ့၌ ဖွားမြင်သော သမီးရတနာ ဖြစ်ပါတယ်။
၁၃၅၃-ခုနှစ်၊ တန်ခူးလပြည့်နေ့တွင် မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊ မြဝတီသီလရှင်စာသင်တိုက် မန္တလေးတိုင်းဒေသကြီး သီလရှင်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဒေါ်ပညာဝတီ နှင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါ်ရူသိင်္ဂီ တို့ထံတွင် သာသနာ့ဘောင်သို့ ဝင်ရောက်ကာ မြင့်မြတ်သော သီလရှင်အဖြစ်ကို ခံယူခဲ့ပါတယ်။
ဆရာလေးသည် နိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေပြုမူတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ အစိုးရသာသနဓဇ ဓမ္မာစရိယ၊ သာသနမာမက ဓမ္မာစရိယ စာမေးပွဲများကို အောင်မြင်ခဲ့ပါသည်။ ထို့ပြင် သီတဂူဗုဒ္ဓတက္ကသိုလ်မှ ချီးမြှင့်သည့် Buddha Dhamma Diploma၊ B.A. နှင့် M.A. ဘွဲ့များကိုလည်း ရရှိခဲ့ပါတယ်။
ယခုအခါ မြဝတီသီလရှင်စာသင်တိုက် ဆရာကြီး ဒေါ်ပညာဝတီ၏ ဩဝါဒနှင့် အဆုံးအမများကို ခံယူလိုက်နာလျက် သီလ၊ သမာဓိ၊ ပညာတို့ကို လေ့ကျင့်ဆည်းပူးကာ မြဝတီသီလရှင်စာသင်တိုက်တွင် ပရိယတ္တိစာပေများကို သင်ကြားပို့ချလျက် သာသနာပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
