// | DailyBriefNews ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်စာသင်ကျောင်းတစ်ခုတွင် မြေပြိုမှုဖြစ်ပွားပြီး ကျောင်းသားနှင့် ဆရာ ၈ ဦး သေဆုံး -

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်စာသင်ကျောင်းတစ်ခုတွင် မြေပြိုမှုဖြစ်ပွားပြီး ကျောင်းသားနှင့် ဆရာ ၈ ဦး သေဆုံး

photo_2026-07-09_14-40-33

ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၈ ရက်) က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း၌ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ စာသင်ကြားနေသည့် ကလေးငယ် ၇ ဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ရပြီး ယခုသီတင်းပတ်အတွင်း မိုးရွာသွန်းမှုကြောင့် ဖြစ်ပွားသည့် ဘေးအန္တရာယ်များကြောင့် ဘင်္ဂါလီဒုက္ခသည် သေဆုံးသူအရေအတွက်မှာ ၁၆ ဦးဖြစ်လာခဲ့ပြီး သေဆုံးမှု နှစ်ဆမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

ကယ်ဆယ်ရေးသမားများသည် စာသင်ဆောင်ငယ်အတွင်း စာသင်ကြားနေစဉ် ရွှံ့နွံများပိမိပြီး မွန်းကျပ်သေဆုံးသွားခဲ့ရသည့် ကလေးငယ်များ၏ ရုပ်အလောင်းများကို ဆွဲထုတ်နိုင်ရန် ရွှံ့ညွန်များကြားမှ ခဲရာခဲဆစ် တူးဖော်ခဲ့ကြရပါတယ်။

၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်လက်နက်ကိုင်များ၏ သွေးဆောင်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြသူများ အပါအဝင် ဘင်္ဂါလီဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ လူဦးရေထူထပ်လွန်းသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရပါတယ်။

ဒုက္ခသည် အများအပြားသည် သစ်တောများ ပြုန်းတီးနေသည့် တောင်စောင်းများပေါ်တွင် လူပြည့်ကျပ်နေပြီး အခြေခံမျှသာရှိသော ယာယီတဲအိမ်များဖြင့် နေထိုင်ကြရသဖြင့် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းချိန်တွင် မြေဆီလွှာများ မတည်ငြိမ်ဘဲ ပြိုကျလွယ်သည့် အခြေအနေ ဖြစ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မရှင်နာ မိုဟာမက် မိဇာနုရ် ရာဟ်မန် (Mohammed Mizanur Rahman) က ကလေးငယ် ၇ ဦးနှင့် ၎င်းတို့၏ ဆရာ သေဆုံးသွားခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

“စိတ်မကောင်းစရာကတော့ လေးယောက်က အခင်းဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် လေးယောက်ကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ” ဟု ရာဟ်မန်က အေအက်ဖ်ပီ (AFP) သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ (ဇူလိုင် ၆ ရက်) ညပိုင်းကလည်း သီးခြားဒုက္ခသည်စခန်းသုံးခုတွင် လူများအိပ်ပျော်နေစဉ် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရေကြီးမှုခန့်မှန်းချက်နှင့် သတိပေးရေးစင်တာက မိုးသည်းထန်စွာ ရွာသွန်းမှုသည် နောက်ထပ် လေးရက်ကြာ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဘင်္ဂါလီများ၏ ပူးတွဲကောင်စီ (United Council of Rohingya) ဥက္ကဋ္ဌဖြစ်သူ ဒုက္ခသည်များဆိုင်ရာ ကိုယ်စားလှယ် ဆာယက် အူလာ (Sayed Ullah) က ဘင်္ဂါလီဒုက္ခသည်များအတွက် ပိုမိုဘေးကင်းသောနေရာတွင် မြေနေရာအသစ် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တော်ဒေလီ၌ အဆောက်အအုံတစ်ခု ပြိုကျပြီး လူလေးဦးသေဆုံး
Next post ထိုင်းနိုင်ငံ၊ ကာလာဆင်ဒေသတွင် တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှတစ်ဆင့် လည်ပင်းရှည်ဒိုင်နိုဆော မျိုးစိတ်သစ်တစ်ခုကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့