// | DailyBriefNews တရုတ်နိုင်ငံတွင် ပြင်းထန်သော မုန်တိုင်းများကြောင့် လေဆင်နှာမောင်းနှင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၁၅ ဦး သေဆုံး -

တရုတ်နိုင်ငံတွင် ပြင်းထန်သော မုန်တိုင်းများကြောင့် လေဆင်နှာမောင်းနှင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၁၅ ဦး သေဆုံး

ဇူလိုင်လ ၇ ရက်၊ ၂၀၂၆

တရုတ်နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသအချို့တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် မုန်တိုင်းများကြောင့် သေဆုံးသူအရေအတွက်မှာ အင်္ဂါနေ့ (ဇူလိုင် ၇ ရက်) တွင် ၁၅ ဦးအထိ မြင့်တက်လာပြီး ရာနှင့်ချီသော လူများ ဒဏ်ရာရရှိကာ သောင်းနှင့်ချီသော ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့တွင် သတင်းထုတ်ပြန် ဖော်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ရာသီဥတုဘေးဒဏ်သင့် ပြည်သူများကို ကယ်ဆယ်ရေး အစွမ်းကုန်ကြိုးပမ်းကြရန် တိုက်တွန်းထားပါတယ်။
 
တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေး (Hubei) ပြည်နယ်ရှိ မြိုကြီးများတွင် တနင်္လာနေ့ညပိုင်းက ပြင်းထန်သော မိုးလေဝသအခြေအနေများကြောင့် မိုးသက်မုန်တိုင်းများနှင့် လေပြင်းများ တိုက်ခတ်ခဲ့ရာ လူပေါင်း ၁၁ ဦးထက်မနည်း သေဆုံးပြီး ၃၃၁ ဦး ဒဏ်ရာရရှိခဲ့ကာ၊ အခြားဒေသများတွင်လည်း လေဆင်နှာမောင်းများ တိုက်ခတ်ခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
 
ထို့အပြင် နေအိမ် ၄,၈၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး အခြားအဆောက်အအုံ ၂၂ လုံး ပြိုကျပျက်စီးခဲ့ကြောင်းလည်း ဆင်ဟွာက ဆက်လက်ဖော်ပြထားပါတယ်။
 
“ဒီတစ်ကြိမ် ပြင်းထန်တဲ့ မိုးလေဝသအခြေအနေဟာ ရုတ်တရက် ဆိုးဆိုးရွားရွားဖြစ်ပေါ်လာတာဖြစ်ပြီး တိုတောင်းတဲ့အချိန်အတွင်းမှာ လေပြင်းတွေ အပြင်းအထန် တိုက်ခတ်သွားတာ ဖြစ်ပါတယ်” ဟု ဆင်ဟွာသတင်းတွင် ထည့်သွင်းဖော်ပြထားပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ရှီး (Guangxi) ဒေသတွင် တိုင်ဖွန်းမုန်တိုင်း မေဆတ် (Maysak) ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပြင်းထန်စွာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးခဲ့ပြီး ပြည်သူ ၅၀,၀၀၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကာ ရှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
 
ဂွမ်ရှီးဒေသ၏ မြို့တော် နန်နင်း (Nanning) မှ တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်များ ကျိုးပေါက်သွားပြီးနောက် ရေဘေးကာကွယ်ရေး အရေးပေါ်တုံပြန်မှုအဆင့်ကို အမြင့်ဆုံးသို တိုးမြှင့်ခဲ့ပါတယ်။
 
နိုင်ငံပိုင်မီဒီယာမှ ဝေမျှထားသည့် ထိတ်လန့်ဖွယ် ဗီဒီယိုဖိုင်တွင် ပြိုကျပျက်စီးသွားသော ရေလှောင်တမံတစ်ခု၏ ကွန်ကရစ်နံရံများကြားမှ ရွှံရေစီးကြောင်းများ ပြင်းထန်စွာ စီးဆင်းနေသည်ကို မြင်တွေ့ခဲ့ရပါတယ်။
 
သမ္မတ ရှီကျင့်ဖျင်က အင်္ဂါနေ့တွင် ကယ်ဆယ်ရေးသမားများအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားများသည် အသက်ကယ်အင်္ကျီများနှင့် ဦးထုပ်များ ဝတ်ဆင်ကာ လူများကို ရှာဖွေနေကြပြီး အချို့ကို လေထိုးရော်ဘာလှေများဖြင့် စေလွှတ်ထားကြောင်း နိုင်ငံပိုင်မီဒီယာ၏ ရုပ်သံမှတ်တမ်းများတွင် ပြသထားပါတယ်။
 
အင်္ဂါနေ့နံနက်ပိုင်းက သီးခြားဖြစ်စဉ်တစ်ခုအဖြစ် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစု (Gansu) ပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃၃ ဦး မြေပိခဲ့ပြီး ၎င်းတိုအနက် ၁၇ ဦးကို “အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်” ဟု စီစီတီဗီ (CCTV) က ဖော်ပြခဲ့သော်လည်း မြေပြိုရသည့် အကြောင်းရင်းကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိပေ။
 
ဒေသခံအာဏာပိုင်များသည် ပိတ်မိနေသူ ၁၆ ဦးကို ဆက်လက်ရှာဖွေရန်၊ “ဘေးဒဏ်သင့် ပြည်သူများကို စနစ်တကျ ရွှေ့ပြောင်းနေရာချထားပေးရန်နှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ မဖြစ်ပွားစေရန် တင်းကျပ်စွာ တားဆီးကာကွယ်ရန်” အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
သဘာဝဘေးအန္တရာယ်များသည် တရုတ်နိုင်ငံတစ်ဝန်းတွင် အထူးသဖြင့် အချိုဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး အချို့ဒေသများတွင် ပြင်းထန်သော အပူလှိုင်းဒဏ်ကို ခံစားရလေ့ရှိသည့် နွေရာသီကာလများ၌ ဖြစ်ပွားလေ့ရှိပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီး ဆက်လက်ပူနွေးလာသည်နှင့်အမျှ ကမ္ဘာလုံးဆိုင်ရာ ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ၏ ပြင်းအားနှင့် အကြိမ်ရေမှာ ပိုမိုတိုးလာလိမ့်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားကြောင်း သိရပါတယ်။
 
ပြီးခဲ့သည့် မေလကလည်း တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပြီး အချို့နေရာများတွင် စံချိန်တင် မိုးရေချိန်များ ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အားကစားသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် နိုင်ငံတကာချစ်ကြည်ရေး မြှင့်တင်ရာတွင် အရေးပါကြောင်း ဒုတိယဝန်ကြီးပြော
Next post မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် တာဝန်ယူမည့် ဂျွန် အန်ဒါဆင် ရန်ကုန်သို့ ရောက်ရှိ