// | DailyBriefNews ထိုင်းမှာ မြန်မာအလုပ်သမားနှစ်ဦး ယာဉ်တိုက်မှုနဲ့ လုပ်ငန်းခွင်မတော်တဆမှုကြောင့် ရက်ပိုင်းအတွင်း အသက်ဆုံးရှုးခဲ့ရ -

ထိုင်းမှာ မြန်မာအလုပ်သမားနှစ်ဦး ယာဉ်တိုက်မှုနဲ့ လုပ်ငန်းခွင်မတော်တဆမှုကြောင့် ရက်ပိုင်းအတွင်း အသက်ဆုံးရှုးခဲ့ရ

ဇူလိုင်လ ၆ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား‌တွေအနေနဲ့ လုပ်ငန်းခွင်အတွင်းနဲ့ ပြင်ပပတ်ဝန်းကျင်မှာ ဘေးအန္တရာယ်ကင်းရှင်းရေး အထူးသတိပြုရန် လိုအပ်နေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ယာဉ်တိုက်မှုနဲ့ လုပ်ငန်းခွင်မတော်တဆမှု‌ကြောင့် အလုပ်သမားပတ်စပို့ (PJ) ကိုင်ဆောင်ထားသူ မြန်မာအမျိုးသားနှစ်ဦး အသက်ဆုံးရှုးခဲ့ရတဲ့ ဖြစ်စဉ်‌တွေဖြစ်ပွားခဲ့‌ကြောင်း Worker Alliance Group (WAG )အလုပ်သမားမဟာမိတ်အဖွဲ့က အသိပေးထားပါတယ်။

ပထမဖြစ်စဉ်မှာ ချွန်ဘူလီခရိုင်၊ ဘန်းဘိန်ရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ဧရာဝတီတိုင်း၊ ဝါးခယ်မမြိုနယ် ဇာတိ အသက် ၃၄ နှစ်အရွယ် မြန်မာအလုပ်သမား ကိုဖိုးလူဝဟာ ဇူလိုင်လ ၄ ရက် ည ၇ နာရီအချိန်ခန့်က ဈေးမှအပြန် လမ်းဖြတ်ကူးစဉ် အိမ်စီးကားတစ်စီး အတိုက်ခံရပြီး ဒဏ်ရာပြင်းထန်ကာ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို ဘန်းဘိန်ဆေးရုံကြီးရဲ့ ရင်ခွဲရုံမှာ ထားရှိထားပြီး၊ အလုပ်ရှင်ဘက်မှ တာဝန်ယူမယ်လို့ အကြောင်းပြန်ထား‌ပေမယ့်လည်း မိသားစုဝင်တွေက ရှေ့ဆက်လုပ်ဆောင်ရန် ရုံးလုပ်ငန်းစဉ်တွေကို မသိရှိကြတာကြောင့် ဇူလိုင်လ ၅ ရက် ညနေပိုင်းမှာ WAG အဖွဲက အမှုကို စတင်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယဖြစ်စဉ်မှာ ဖစ်ဘူလီခရိုင်၊ ခေါင်ယွဲကျေးရွာရှိ ပိုက်လုံးစက်ရုံမှာ အလုပ်လုပ်ကိုင်နေတာ ၄ လခန့်သာ ရှိသေးတဲ့ ဧရာဝတီတိုင်း၊ ဖျာပုံမြိုနယ်ဇာတိ အသက် ၂၄ နှစ်အရွယ် မြန်မာအလုပ်သမား ကိုဟိန်းဇေယျာဖြစ်ပြီး သူက ဇူလိုင်လ ၅ ရက် နံနက် ၉ နာရီအချိန်ခန့်က လုပ်ငန်းခွင်အတွင်း ပိုက်လုံးကို မူလီစုပ်နေစဉ် လုပ်ငန်းခွင်သုံး ကရိန်းပြုတ်ကျလာမှုကြောင့် လည်ပင်းနဲ့ ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိကာ ဆေးရုံဆီ ပို့ဆောင်စဉ် လမ်းမှာပင် ကွယ်လွန်သွားခဲ့တယ်လိုသိရပါတယ်။

လက်ရှိမှာ ကိုဟိန်းဇေယျာရဲ့ ရုပ်အလောင်းကို ဖက်ကျော်ကောက်ဆေးရုံကြီးရဲ့ ရင်ခွဲရုံမှာ ထားရှိပြီး၊ ယင်းဖြစ်စဉ်အတွက်လည်း မိသားစုဝင်တွေရဲ့ အကူအညီတောင်းခံမှုကြောင့် WAG အဖွဲက ဇူလိုင် ၅ ရက် ညနေ ၅ နာရီ ၃၅ မိနစ်တွင် အမှုကို လက်ခံဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားတွေအကြား အခုမကြာခဏ အသက်ဆုံးရှုးခြင်းနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရခြင်း‌တွေ ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပွားလာပါကလည်း ထိုင်းနိုင်ရဲ့ ဥပဒေအရ လျော်ကြေးငွေ ရရှိပေမယ့် လာရောက်လုပ်ကိုင်ကြတဲ့ မြန်မာလုပ်သားတွေအနေနဲ့လည်း အလုပ်ရရင် ပြီးရောဆိုကာ မလုပ်ကိုင်ကြဖို့၊ ကိုယ့်ရဲ့ အလုပ်ခန့်ထားမှု စာရွက်စာတမ်းတွေမှာ အလုပ်ရှင်သူဌေး ၊ လုပ်ငန်း တူရဲ့လား စစ်ဆေးဖို့ WAG အဖွဲ့မှ တာဝန်ရှိသူ ကိုမုန်တိုင်းက အသိပေးပါတယ်။

အခုလို ကြုံတွေ့လာရတဲ့အခါ ဥပဒေအရ အကာအကွယ်ရနိုင်ရန်အတွက်လည်း မိမိတို့မှာ တရားဝင်စာအုပ် (PJ)၊ ဘတ်ကတ်တွေနဲ့အတူ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်ထိခိုက်မှု ရန်ပုံငွေ (Compensation Fund) သို့မဟုတ် လူမှုဖူလုံရေး (Social Security) ဝင်၊ မဝင်ကို မဖြစ်မနေ အမြဲစစ်ဆေးထားရမယ်လို့ ဆိုပါတယ်။ ဒါမှသာလျှင် မတော်တဆမှုဖြစ်ပွားပါက လျော်ကြေးနဲ့ ဆေးကုသခွင့်တွေအပြည့်အဝရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၄) ဒီနေ့စမယ်
Next post Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ