ရန်ကုန်ယူနိုက်တက်အသင်း တတိယမြောက် နိုင်ငံခြားသားကစားသမား ခေါ်ယူဖြည့်တင်း

ဇူလိုင် ၁၊ ၂၀၂၆
ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် တတိယမြောက် နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် ရုရှားနိုင်ငံသား တောင်ပံတိုက်စစ်ကစားသမား ဒန်နီရယ်မူဆက်ကင်ကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ဒန်နီရယ်ဟာ ရန်ကုန်ယူနိုက်တက်အသင်းမတိုင်ခင် မွန်ဂိုလီယားကလပ် SP Falcon အသင်းမှာ ကစားခဲ့ပြီး AFC Challenge League ပြိုင်ပွဲ (၂) နှစ်ဆက် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
ဒန်နီရယ်ဟာ မွန်ဂိုလီယားပြည်တွင်းပြိုင်ပွဲတွေမှာလည်း SP Falcon အသင်းနဲ့အတူ ချန်ပီယံဆုဖလား (၃) ကြိမ် ရရှိထားကြောင်း သိရပါတယ်။
ဒန်နီရယ်ဟာ SP Falcon မတိုင်မီ ထိုင်းကလပ် ချင်းမိုင်အသင်း၊ သီရိလင်္ကာကလပ် ပယ်လီကန်စ်အသင်းတွေမှာလည်း ကစားဖူးသူဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ရုရှားတောင်ပံတိုက်စစ်ကစားသမား ဒန်နီရယ်မတိုင်မီ ကင်မရွန်းတိုက်စစ်မှူး မူစတာဖာနဲ့ ကွင်းလယ်လူ ဂိုင်းမစ်ချယ်တို့ကို ခေါ်ယူထားပါတယ်။
ကင်မရွန်းကစားသမားနှစ်ဦးဟာ MNL အတွေ့အကြုံရှိ ကစားသမားတွေဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် ပြည်တွင်းကစားသမားသစ်အဖြစ် ညာနောက်ခံလူ ဟိန်းဖြိုးဝင်းနဲ့ ရှေ့တန်းလူ ပြည်မိုးတို့ကို ခေါ်ယူထားသလို မနှစ်က အငှားလာရောက်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်ကိုလည်း ပြန်လည်ခေါ်ယူထားပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ မနှစ်က အသုံးပြုခဲ့တဲ့ နိုင်ငံခြားသားကစားသမား (၄) ဦးစလုံးနဲ့ လမ်းခွဲခဲ့ပြီးဖြစ်သလို လက်ရွေးစင်ဟောင်းတိုက်စစ်ကစားသမား အီစိုးနဲ့လည်း လမ်းခွဲထားကြောင်း သိရပါတယ်။
