အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

ဇွန် ၂၆၊ ၂၀၂၆
မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတကာပြိုင်ပွဲများမှာ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ရဲ့ ဖူဆယ်နဲ့ သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉ ဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၆ ခုနှစ်အတွင်း ကျင်းပရန်ကျန်ရှိတဲ့ ဖူဆယ်ပြိုင်ပွဲများရဲ့ ပြက္ခဒိန်ရေးဆွဲအတည်ပြုခြင်း၊ AFC လိုင်စင်ရ နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေးနဲ့ ဖူဆယ်လက်ရွေးစင်အသင်းများအတွက် နည်းပြအဖွဲ့နဲ့ Technical Team များ ဖွဲ့စည်းနိုင်ရေးတို့ကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။
