
ရွေးကောက်ပွဲအား ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ထပ်မံကျန်ရှိသည့် မြို့နယ်များအား ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ကျင်းပပေးမည်ဟု ယာယီသမ္မတ ပြောကြား
ရွေးကောက်ပွဲအား သုံးကြိမ်ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအနက် ထပ်မံကျန်ရှိသည့် မြို့နယ်များအား လာမည့်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ကျင်းပပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I) တွင် ယနေ့ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ပထမအကြိမ်မှာတော့ ၁၀၂ မြို့နယ်ပေါ့။ ဒုတိယအကြိမ်မှာ ၁၀၀ ကျွန်တော်တို့ လုပ်ပါမယ်။ ကျန်တဲ့မြို့နယ်တွေကတော့ တတိယအကြိမ်မှာလုပ်ပါမယ်။ ရာနှုန်းပြည့်တော့ ကျွန်တော်တို့ မရဘူးဆိုတာ ကြိုတင် ကျွန်တော် ဝန်ခံထားပါတယ်။ ရာနှုန်းပြည့်တော့ ရွေးကောက်ပွဲ သုံးရပ်လုံးမှာလည်း ရာနှုန်းပြည့် မလုပ်နိုင်ခဲ့ပါဘူး။ ရွေးကောက်ပွဲကို ရာနှုန်းပြည့် မလုပ်နိုင်တောင်မှ ကျန်တဲ့အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တဲ့ရွေးကောက်ပွဲကိုလည်း နောင်လာမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အချိန်ကြရင် ဖြည့်ဆည်းပြီးတော့မှ အားလုံးပြည့်စုံအောင်လုပ်ဖို့ ဒါလည်း ကျွန်တော်တို့ စဉ်းစားထားတယ်ဆိုတဲ့အကြောင်းလည်း ကျွန်တော် ပြောလိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ပါတီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ မှ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“အဲဒီထဲက နည်းနည်းအကြမ်းဖျင်းကြည့်တဲ့အခါ အတန်းပညာနဲ့ ပတ်သက်တာတို့ အခြားငြိစွန်းတာတွေ တွေ့တဲ့အခါ အပြောင်းအလဲတော့ ရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲကတော့ တော်တော်အားကောင်းတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ပြောလိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ယခင်ရွေးကောက်ပွဲ သုံးရပ်လုံးတွင် အတွေ့အကြုံဖြစ်သည့် မဲမသမာမှုများဖြစ်ခဲ့ပြီး အဓိက ကြိုတင်မဲပြဿနာများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ မဖြစ်ပေါ်စေရန်အတွက် ယခုရွေးကောက်ပွဲတွင် မြန်မာအီလတ်ထရောနစ်မဲပေးစက်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ဒါကြောင့် ဒီဟာတွေမဖြစ်ရအောင်ဆိုပြီးတော့ မြန်မာအီလတ်ထရောနစ်မဲပေးစက်ကို အကြိမ်ကြိမ်စိစစ်ပြီးတော့မှ ဒီတိုင်းလုပ်ပါ။ ပိုက်ဆံကုန်ချင်လည်းကုန်ပါစေဆိုပြီး လုပ်တာဖြစ်ပါတယ်။ မနေ့က သက်ဆိုင်ရာပုဂ္ဂိုလ်တချို့တွေကို ပြပါတယ်။ ဘယ်လိုမှ မဲမသမာမှုလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ မသမာမှုလုပ်နိုင်စရာအကြောင်းမရှိဘူး။ ကြိုတင်မဲကိုလည်း ကန့်သတ်ချက်မျိုးစုံ ကျွန်တော်တို့လုပ်ထားပါတယ်။ ဒါကြောင့် ဒီဟာတော့ ရွေးကောက်ပွဲကတော့ အောင်မြင်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တယ်လို့၊ ဒါ Free and Fair ဖြစ်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။