// | DailyBriefNews ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေပြီး ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်းခရီးစဉ််များ တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား -

ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေပြီး ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်းခရီးစဉ််များ တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား

ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေး ဆောင်ရွက်နေပြီး ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ်လေကြောင်းခရီးစဉ််များ တိုးချဲ့ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆက်သွယ်မှုပိုမိုမြန်ဆန်စေရေးအတွက် ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့် ကျွန်းပတ် လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ‌ပြောကြားသည်။

ထားဝယ်ဆိပ်ကမ်းနှင့် ပတ်သက်၍လည်း ထားဝယ်မြစ်အတွင်း သင်္ဘောများဝင်ထွက်မှု အဆင်ပြေစေရေး မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ဆိပ်ကမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ‌ပြောကြားသည်။

တနင်္သာရီ တိုင်းဒေသကြီးအနေဖြင့်လည်း ဒေသတွင်းကုန်ထုတ်လုပ်မှုများတိုးမြှင့်၍ ဒေသနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ ဆောင်ရွက်ပေးခြင်းအပြင် ဒေသခံများအားလုံးကလည်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ယာယီသမ္မတက ‌ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်