
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြား
“အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်ဖြင့် တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် မိန့်ခွန်းပြောကြားသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဖိုရမ်အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုဖိုရမ်သည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးကဏ္ဍတွင် ဦးဆောင်နေကြသည် ကုန်သည်အသင်းအဖွဲ့များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများကို ရရှိနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့်တင်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ထောက်ပံ့ရေး ကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူ ကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများစသည့် နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် နယ်ပယ်သစ်များတွင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစားသွားနိုင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုလာသည် နှင့်အမျှ လွဲမှားစွာ အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ် ပြီး မှန်ကန်သည့် နယ်ပယ်များတွင် မျှတစွာ အသုံးပြုသွားရန် လိုအပ်ကြောင်း၊ ယနေ့ကျင်းပသည့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ယင်းနောက် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ကွန်ဖရင့် ဥက္ကဋ္ဌ၊ CCPIT မှ ဒုတိယအကြီးအကဲ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ASEAN-China Centre မှ အထွေထွေအတွင်း ရေးမှူးတို့က မိန့်ခွန်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။