
အနုပညာပိုင်းကို စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ၁/၂၀၂၅ သရုပ်ဆောင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
အနုပညာပိုင်းကို စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ၁/၂၀၂၅ သရုပ်ဆောင်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို) ရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က ၁/၇၈ ခုနှစ်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖွင့်လှစ်တဲ့ သင်တန်းမှာ တက်ရောက် သင်ကြားခဲ့တဲ့သူပါ။ ခုချိန်ထိလည်း ကျွန်တော်တို့နဲ့အတူ တက်ရောက်သင်ကြားခဲ့တဲ့ အနုပညာသမားတွေလည်း အများကြီးရှိပါတယ်။ ခုတက်ရောက်သင်ကြားနေတဲ့ ကလေးတွေကို လာရောက်အားပေးတဲ့ သဘောပါပဲ။ အနုပညာမျိုးဆက်သစ်တွေကိုလာရောက် ခွန်အားပေးတဲ့သဘောပါ။ ခုချိန်မှာ အနုပညာကို စစခြင်း ခြေလှမ်းဆို တော့ မဖြစ်နိုင်သေးဘူး အများကြီး ကြိုးစားရဦးမှာပါ”လို့ အကယ်ဒမီ ခန့်စည်သူကပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးကြည်စိုးထွန်း၊ နာယကကြီး ရုပ်ရှင်ဒါရိုက်တာ အင်္ကာကျော်စွာ မောင်နှင်းမိုး၊ အတွင်းရေးမှူး အကယ်ဒမီခန့်စည်သူ၊ နာယကကြီး သရုပ်ဆောင် ဦးတင်အောင်ကအဖွင့်အမှာစကားပြောကြားခဲ့ကြပါတယ်။
၁/၂၀၂၅ သင်တန်းသား/သူ တက်ရောက်သင်ကြားသူအယောက် ၄၀ ရှိပြီး သင်တန်းကာလကို ၃ လအထိ သရုပ်ဆောင်သင်တန်းကို စနစ်တကျသင်ကြားမှုဖြစ်စေဖို့အတွက် သရုပ်ဆောင် ထူးသာ၊ ဒါရိုက်တာ သီဟကျော်စိုး၊ ဒါရိုက်တာဟိန်းစိုး၊ ဒါရိုက်တာ သမန်းကျား ကိုမြင့်၊ အကယ်ဒမီလွင်မိုး၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ခန့်စည်သူ၊ အာကာမြင့်အောင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ခင်သန်းနွယ်၊ အကယ်ဒမီ မြတ်ကေသီအောင် စတဲ့သူတွေက (၁) သရုပ်ဆောင်ပညာပိုင်း (၂) အသံနေ အသံထားပညာပိုင်း (၃) အမူအရာမဟုတ်တဲ့ သရုပ်ဆောင်တို့ တတ်အပ်တဲ့ ပညာပိုင်းတွေ အဓိက ပို့ချခဲ့တယ်လို့ သိရပါတယ်။
ယနေ့ သင်တန်းသား/သူ လူဦးရေ ၃၆ ဦးကို သင်တန်းဆင်း လက်မှတ်တွေပေးအပ်ခြင်း၊ သင်တန်းပျက်ရက် မရှိသူတွေကို ဂုဏ်ပြုဆုပေးအပ်ခြင်း၊ အနုပညာစာမေးပွဲမှာ ပထမဆုကနေ ပဥ္စမဆုအထိရရှိသူ ၅ ဦးကို ဂုဏ်ပြုခြင်း၊ ဓာတ်ပုံအလှဆုရသူ အမျိုးသား၊ အမျိုးသ္မီး ၁၀ ဦးကို ဆုပေးခြင်းမြှင့်ခဲ့ပါတယ်။
ဒါ့ပြင် သင်တန်းသား/သူတွေက သင်ကြားပို့ချပေးခဲ့သူတွေကို ပူဇော်ကန်တော့ခဲ့ကြပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စတင်ဖွဲစည်းခဲ့တဲ့ (၇၈)နှစ်တာကာလအတွင်း သရုပ်ဆောင်၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ တည်းဖြတ်၊ စက်မှုသင်တန်းတွေ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရုပ်ရှင်မျိုးဆက်သစ်တွေကို အဆင့်ဆင့် လက်ဆင့်ကမ်းမွေးဖွားပေးခဲ့တယ်လို့ သိရပါတယ်။