// | DailyBriefNews ​ကမ္ဘာကျော် အီတလီ ဖက်ရှင်ဒီဇိုင်နာ ဂျော်ဂျီယို အာမာနီ အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန် -

​ကမ္ဘာကျော် အီတလီ ဖက်ရှင်ဒီဇိုင်နာ ဂျော်ဂျီယို အာမာနီ အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်

​အီတလီဖက်ရှင်လောက၏ ဒဏ္ဍာရီပုဂ္ဂိုလ်ဖြစ်ပြီး အဆင့်မြင့်လူနေမှုဘဝပုံစံကို ဖန်တီးနိုင်ခဲ့သည့် ဘုရင်ဟု အမည်တွင်သူ ဂျော်ဂျီယို အာမာနီသည် “သူ့ကိုချစ်မြတ်နိုးသူများ ဝန်းရံလျက်” အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ ကုမ္ပဏီ Giorgio Armani S.p.A. က ယခု ကြာသပတေးနေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

​“အဆုံးမရှိသော ဝမ်းနည်းပူဆွေးမှုတို့ဖြင့် အာမာနီအဖွဲ့သည် ၎င်း၏ဖန်တီးသူ၊ တည်ထောင်သူနှင့် မရပ်မနားမောင်းနှင်အားဖြစ်သူ ဂျော်ဂျီယို အာမာနီ ကွယ်လွန်ကြောင်း ကြေညာအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

​ခေတ်သစ်ဒီဇိုင်နာများထဲတွင် အထင်ရှားဆုံးဖြစ်သည့် အာမာနီသည် ၁၉၇၅ ခုနှစ်တွင် မီလန်၌ ၎င်း၏ဖက်ရှင်အိမ်တော်ကို ဖွင့်လှစ်ခဲ့ပြီး ဖက်ရှင်လောက၏ ထိပ်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိခဲ့ကာ နာမည်ကျော်ကြယ်ပွင့်များစွာကို ဝတ်စားဆင်ယင်မှုပေးစွမ်းခဲ့သလို ကော်ဇောနီဖက်ရှင် (Red Carpet Fashion) ဟု ခေါ်ဆိုသော ရုပ်ရှင်၊ အနုပညာ၊ ဂီတ စသည့် ထင်ပေါ်ကျော်ကြားသူများ၏ ပွဲတက်ဖက်ရှင်ကို စတင် မွေးဖွားခဲ့သူဟုလည်း အာမာနီက ဂုဏ်ပြုခံခဲ့ရသည်။

​၎င်း၏ဈာပနကို အာမာနီ၏ ဆန္ဒအရ သီးသန့်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သော်လည်း ဂုဏ်ပြုလိုသူများအနေဖြင့် စနေနှင့် တနင်္ဂနွေနေ့များတွင် မီလန်၌ ဖွင့်လှစ်ထားမည့် ဈာပနခန်းမ၌ လာရောက်ဂါရဝပြုနိုင်မည်ဖြစ်သည်။

​“သူ့ရဲ့ဝန်ထမ်းတွေနဲ့ လက်တွဲဖော်တွေက အမြဲတမ်းလေးစားစွာနဲ့ ချစ်ခင်စွာ အီ ဆီညော် အာမာနီ (Il Signor Armani -မစ္စတာ အာမာနီ) လို့ ခေါ်ဆိုကြတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူ့ကို ချစ်ခင်ရတဲ့သူတွေ ဝန်းရံလျက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်” ဟု ကုမ္ပဏီက ဆိုသည်။

​“သူဟာ နောက်ဆုံးနေ့တွေအထိ မရပ်မနား ကြိုးစားခဲ့ပြီး ကုမ္ပဏီ၊ ဖက်ရှင်စုဆောင်းမှုတွေနဲ့ လက်ရှိလုပ်ဆောင်နေဆဲ၊ အနာဂတ်စီမံကိန်းများစွာအတွက် သူ့ကိုယ်သူ မြှုပ်နှံခဲ့ပါတယ်” ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

​အာမာနီသည် ကျန်းမာရေးအကြောင်းပြချက်များကြောင့် ယခုနှစ် မီလန်တွင် ပြုလုပ်မည့် ၎င်း၏အမျိုးသားဖက်ရှင်ပြပွဲကို ဖျက်သိမ်းခဲ့ရသည်။ ဆရာဝန်များ၏ အကြံပြုချက်အရ ပါရီတွင် ပြုလုပ်ခဲ့သည့် Giorgio Armani S.p.A. ၏ အလွန်ခမ်းနား တန်ဖိုးကြီးလှသော အဆင့်မြင့်ဝတ်စုံများကို ပြသကာ ကမ္ဘာကျော်ပုဂ္ဂိုလ်များသာ တက်ရောက်ခွင့်ရသည့် Armani Prive ပြပွဲကိုလည်း လွဲချော်ခဲ့သည်။

​“Armani Prive ဖက်ရှင်ပြပွဲ အနှစ် ၂၀ သက်တမ်းအတွင်းမှာ ပါရီကို မရောက်ဖူးတာ ဒါပထမဆုံးအကြိမ်ပါ” ဟု ၎င်းက ဇူလိုင်လက AFP သို့ ပေးပို့သော ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

​“ကျွန်တော့် ဆရာဝန်တွေက ပိုပြီးအနားယူဖို့ အကြံပေးခဲ့တယ်၊ ကျွန်တော်ကိုယ်တိုင်ကတော့ (ပွဲကို) အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပေမယ့်ပေါ့” ဟု ၎င်းက ပြောကြားခဲ့သည်။

​၎င်းအနေဖြင့် “ပြပွဲရဲ့ ကဏ္ဍတိုင်းကို အဝေးကနေပဲ လိုက်ပါကြီးကြပ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး “ခင်ဗျားတို့ မြင်တွေ့ရမယ့် အရာအားလုံးကို ကျွန်တော် ခွင့်ပြုချက် ပေးပြီး လက်မှတ်ထိုးခဲ့ပါတယ်” ဟု အလေးအနက် ပြောကြားခဲ့သည်။

​ဤအီတလီဖက်ရှင်သင်္ကေတသည် ကော်ဇောနီဖက်ရှင်ကို စတင်ခဲ့သူဟု ဂုဏ်ပြုခံရသော်လည်းငယ်ရွယ်သူများအတွက် ဈေးသက်သာသော Emporio Armani ဖက်ရှင်များကိုလည်း ချဲ့ထွင်ခဲ့သလို Armani Hotel & Resorts ကဲ့သို့သော အဆင့်မြင့်ဟိုတယ်များကိုလည်း ဖွင့်လှစ်ခဲ့သည်။

​၎င်းကွယ်လွန်ချိန်သည် ၎င်း၏နာမည်ဖြင့် တည်ထောင်ခဲ့သော ကမ္ဘာကျော်အမှတ်တံဆိပ်၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲတော်များ မတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

​အီတလီယဉ်ကျေးမှုဝန်ကြီး အလက်ဆန်ဒရို ဂီယူလီက အာမာနီအား “အီတလီယဥ်ကျေးမှု၏ အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အလှတရားကို ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သူ၊ ဖက်ရှင်၊ ရုပ်ရှင်နှင့် လူမှုအဖွဲ့အစည်းကြား ဆက်ဆံရေးကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့သူ”ဟု ဂုဏ်ပြုခဲ့​သည်။

“သူ့ရဲ့ရိုးရှင်းပြီး ဆန်းသစ်တဲ့ပုံစံက ဖက်ရှင်၊ ရုပ်ရှင်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်ဆံရေးကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး ခေတ်သစ်ယဉ်ကျေးမှုအပေါ်မှာ မဖျောက်ဖျက်နိုင်တဲ့ အမှတ်အသားတစ်ခု ချန်ထားခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သလို ​“သူဟာ ဖက်ရှင်ရဲ့ဆရာတစ်ဦးတင်မကဘဲ ကမ္ဘာတစ်ဝန်းလုံးမှာ အီတလီရဲ့ဝိသေသလက္ခဏာကို အသိအမှတ်ပြုခံရတဲ့ သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်” ဟုလည်း ဆက်လက်ပြောဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံတော် ယာယီသမ္မတ ချန်ဒူးမြို့သို့ အထူးလေယာဥ်ဖြင့်ဆက်လက်ထွက်ခွာ
Next post (၅-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ