// | DailyBriefNews နစက၏၄ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး လုပ်ဖေါ်ကိုင်ဖက်များအားကျေးဇူးတင်ကြောင်း နစက ဥက္ကဋ္ဌ ဂုဏ်ပြုပြောကြား -

နစက၏၄ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး လုပ်ဖေါ်ကိုင်ဖက်များအားကျေးဇူးတင်ကြောင်း နစက ဥက္ကဋ္ဌ ဂုဏ်ပြုပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။အစိုးရအဖွဲ့ကလည်း အွန်လိုင်းနှင့်ကော လူကိုယ်တိုင်ပါ စုံလင်စွာတက်ရောက်ကြသည်။

ဥပဒေအရ မနက်ဖြန် ဇူလိုင် (၃၁)တွင် နစကအနေဖြင့် ကာလုံသို့ အာဏာပြန်အပ်ရမည်ဖြစ်သည်။ နစက၏ ၄ နှစ်ကျော် ကာလအတွင်းတာဝန်ထမ်းဆောင်ခဲ့ကြသူများအား ဖိတ်ကြား ဂုဏ်ပြုသည့် အခမ်းအနားကို ကျင်းပရာတွင် ၍ မိမိတို့အနေဖြင့် ပြည်သူများရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ဟု ပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူ များ၏အစိတ်အပိုင်းဖြစ်ကာ ပြည်သူများက ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့လျှောက်လှမ်းလိုသည်ဟုဆန္ဒပြုခဲ့ကြ၍ တပ်မတော်မှ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက်အုတ်မြစ်ချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ခေတ်အဆက်ဆက်၏ အုပ်ချုပ်ရစနစ်များ၊ ဆိုရှယ်လစ်စနစ်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ဆိုရှယ်လစ်စနစ်၌ နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး ၁၉၈၈ ခုနှစ်အရေးအခင်းဖြစ်ပေါ်လာခဲ့ရသည့်အကြောင်းရင်းများနှင့် နိုင်ငံတစ်ခုရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိကအခရာကျသည့်အချက်ဖြစ်ပြီး စီးပွားရေးအားကောင်းမွန်မှသာ နိုင်ငံရေးအားကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဟုလည်း ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရသည် ဒီမိုကရေစီနှင့်အသားကျနိုင်ရန်လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ခဲ့မှု၊ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရန် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုများဆောင်ရွက်ခဲ့မှုတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

” အမှန်တကယ်ငြိမ်းချမ်းမှုရရှိနိုင်ဖို့ အစိုးရနဲ့ တပ်မတော်လက်တွဲညီညီပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ကြောင့် မိမိတို့အနေနဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရရှိစေဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်သည်အထိဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိခဲ့ပြီးနောက် ဒီမိုကရေစီ ဒုတိယအစိုးရအဖြစ်ဆောင်ရွက်ခဲ့စဥ် ၂၀၁၅-၂၀၁၆ ခုနှစ်ကာလအတွင်း ပြည်ပအကူအညီများ များစွာရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေးအားကောင်းခဲ့သော်လည်း စီမံခန့်ခွဲမှုအားနည်းချက်များအပါအဝင် အဆင်မပြေမှုများစွာကြုံတွေ့ခဲ့ရမှုများကိုလည်း နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏၄ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး လုပ်ဖေါ်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် နောင်ဆက်လျောက်ရမည့် နိုင်ငံတော်၏ရှေ့ခရီးကိုလည်း အောင်မြင်အောင် ဝိုင်းဝန်းကူညီကြစေလိုကြောင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “ဂုဏ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနား ကျင်းပ
Next post (၃၁-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်