// | DailyBriefNews တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ အနေဖြင့် ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် MSME လုပ်ငန်းများ လိုအပ်ချက်ပြည့်မီအောင်ထုတ်ရန် နစကဥက္ကဋ္ဌ မှာကြား -

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ အနေဖြင့် ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် MSME လုပ်ငန်းများ လိုအပ်ချက်ပြည့်မီအောင်ထုတ်ရန် နစကဥက္ကဋ္ဌ မှာကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)နှင့် အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂ဝဝ)တို့၏ ကုန်ထုတ်စွမ်းအား မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်း တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်စစ်ဆေးခဲ့ပြီး ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကို ပိုမိုဦးစားပေး၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME)များ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ဆောင်ရွက်ရာတွင်လည်း အမှန်တကယ် သက်သာချောင်ချိမှုရရှိအောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း နစကဥက္ကဋ္ဌက မှာကြားခဲ့သည်။

အဆိုပါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် ဝတ်စုံများကိုချုပ်လုပ်ပေးလျက်ရှိသကဲ့သို့ ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံး ချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့တည်ဆောက်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်ရှိနေသည့် ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခုအထိ ထုတ်လုပ်ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂၀၀)သို့ သွားရောက်စစ်ဆေးခဲ့ပြီး ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရန်၊ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးသွားရန်၊ ကုန်ထုတ်စွမ်းအားများ စက်စွမ်းအားအလိုက် စွမ်းအားပြည့်လည်ပတ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို နစကဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Night at the Museum ပြန်ရိုက်မယ်