
ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ဒရာမာဇာတ်လမ်းပုံစံ ပဉ္စလက်မိုး ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကျင်းပခဲ့
Frenzo Production က ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ဒရာမာဇာတ်လမ်းပုံစံ “ပဉ္စလက်မိုး” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒါရိုက်တာ ဦးမီးပွားနဲ့အတူ ရိုက်ကူးထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ဇာတ်ကားလေးပါ။ ဒရာမာလေးလည်း နည်းနည်းပါတယ်။ အချစ်ဇာတ်လမ်းလေးကို သေချာလေး အချိန်ယူပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားမှာ ဘယ်သူက အချစ်တတ်ဆုံးလဲ ဆိုတာတော့ ပရိသတ်တွေ ကြည့်ရှုခံစားရင်းနဲ့ မှတ်ချက်လေးတွေ ပေးနိုင်ပါတယ်။ ဒီကားမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေ တစ်ယောက်ဆီတိုင်း အကောင်းဆုံးကြိုးစားပေးကြပါတယ်။ ရုံတင်ပြသချိန်မှာ ပရိသတ်တွေ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်သိအောင် ပြောလာပါတယ်။



အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ နာမည်ကြီးလူကြိုက်များခဲ့တဲ့ ပဉ္စလက်မိုး ဝတ္ထုကိုတော့ ဒါရိုက်တာအကယ်ဒမီ မီးပွားနဲ့အတူ ပုံဖော်ဖန်တီးသွားလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်ကြတဲ့ အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ မေတိုးခိုင်၊ ပိုးမမှီသာ၊ သိန်းလင်းစိုး၊ တေဇလင်းရောင်၊ မင်းအာကာ၊ သိန်းသစ်စ စတဲ့သူတို့ ပါဝင်သရုပ်ဆောင်ထားကြတာလည်းဖြစ်ပါတယ်။



“ပဉ္စလက်မိုး”ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် ဇူလိုင် ၄ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။