
ရွှေတိဂုံတွင် လူငယ်များ ဖမ်းဆီးခံရမှု မရှိခဲ့ဟု ဘုရားဖူးများပြော
ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ရင်ပြင်တော်ပေါ်မှာ ဇွန်လ ၁၈ ရက် မနက်ပိုင်းက လူငယ်တွေ ဖမ်းဆီးခံခဲ့ရတယ်ဆိုရတဲ့ သတင်းဟာ သတင်းမှားသာ ဖြစ်ပြီး ဖမ်းဆီးခံရမှုမရှိဘူးလို့ ဘုရားဖူးတွေ၊ ရွှေတိဂုံစေတီတော်ဂေါပကရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အင်္ကျီအဖြူဝတ်ထားပြီး ပန်းစည်းတွေကိုင်လာတဲ့ လူငယ်တွေကို ရွှေတိဂုံစေတီတော် ရာဟုထောင့်အောင်မြေနဲ့ ချမ်းသာကြီးတန်ဆောင်းထဲမှာ အရပ်ဝတ်လုံခြုံရေးအဖွဲ့က စစ်ဆေးနေတယ်လို့ ဗဟန်းကင်းထောက်ကအဖွဲ့က စတင်ပြီး သတင်းအမှားထုတ်လွှင့်ခဲ့တာပါ။ နောက်နာရီပိုင်းအတွင်းမှာပဲ AAMIJ News သတင်းဌာနအမည်ခံ အဖွဲ့နဲ့ DVB ရဲ့သတင်းဝက်ဘ်ဆိုက်မှာ သတင်းအမှားကို ထပ်မံရေးသားဖော်ပြနေခဲ့တာဖြစ်ပါတယ်။
မိုးရာသီဖြစ်တာကြောင့် ရွှေတိဂုံစေတီတော်ပေါ်မှာ ဘုရားဖူးအနည်းငယ်လျော့သွားတာကလွဲလို့ ဖမ်းဆီးစစ်ဆေးတာတွေ မရှိဘူးလို့ ဘုရားဈေးသည်အမျိုးသားတစ်ဦးက ပြောပါတယ်။


“တင်ထားကြသလို မဟုတ်ပါဘူး။ နေ့တိုင်း လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ဘာမှမဖြစ်ကြပါဘူး။ ပုံမှန်ပဲ ဘုရားဖူး၊ ပန်းတွေ ကပ်သွားနေကြတာပါပဲ။ အင်္ဂါထောင့်မှာလည်း လူတွေလည်း အများကြီးပါပဲ။ လှူနေကြတာပဲ။ အဲ့ဒီလို မရှိပါဘူး။ အတက်အဆင်းကတော့ ဘုရားကြီးလုံခြုံရေးအတွက် အိတ်ကလေးတွေ ဘာတွေ စစ်ဆေးတာက ပုံမှန်ပါပဲ”လို့ ဘုရားလုံခြုံရေးဝန်ထမ်းက ပြောပါတယ်။
ဒီလို ရည်ရွယ်ချက်ရှိရှိ သတင်းအမှားထုတ်လွှင့်ရေးသားနေတာတွေဟာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တာကြောင့် ရွှေတိဂုံစေတီတော်ကြီးရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာ ပြန်လည် ရှင်းလင်းဖော်ပြဖို့ကို ဂေါပကရုံးအဖွဲ့ဝင်တွေက လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။