ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ငါးဖမ်းနေသူနှစ်ဦးကို AA လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်နှစ်ဦးမှာ မေလ ၁၂ ရက်က ရှင်မဖြူကျွန်း(Shah Porir Dwip island) အနီး နတ်မြစ်အတွင်း ငါးဖမ်းနေကြတုံးမှာ မြန်မာနိုင်ငံဘက်ခြမ်းက ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA သူပုန်တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။

AA လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ရှင်မဖြူကျွန်း၊ ဂျာလီရာ ပါလာရပ်ကွက်နေ အသက် ၁၇ နှစ်ရှိ ဟီဒါရက်အူလာနဲ့ အသက် ၁၆ နှစ်ရှိ မိုဟာမက် ဟော့စိန်တို့နှစ်ဦး ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ကိုတော့ ကော့စ်ဘဇားမြို့ဆေးရုံမှာ ကုသမှုပေးထားရတယ်လို့ ဆိုပါတယ်။

တက်နက်ဖ်ခရိုင်ခွဲရဲ့ အမှုဆောင်အရာရှိ ရှိတ်အီဆန်အတ်ဒင်က “ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားနှစ်ဦးကို AA အဖွဲ့ဝင်တွေက နတ်မြစ်ထဲမှာ မေလ ၁၂ ရက် မွန်းလွဲပိုင်းမှာ ပစ်ခတ်ခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒေသခံငါးဖမ်းသမားတွေကလည်း ပစ်ခတ်ချိန်မှာ တံငါသည်နှစ်ဦးဟာ နတ်မြစ်ရဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အခြမ်းဘက်မှာပဲ ရှိနေကြတာလို့ ပြောခဲ့ကြပါတယ်။ ပစ်ခတ်မှုကြောင့် ဟီဒါရက်ကို ဒူးမှာကျည်ထိမှန်ခဲ့ပြီး ဟော့စိန်ကိုတော့ ဘယ်ဖက်ခြေထောက်မှာ ကျည်ထိမှန်ခဲ့ပါတယ်။ သူတို့ကို ကယ်ဆယ်ပြီး ကော့စ်ဘဇားမြို့ဆေးရုံကို ပို့ပေးခဲ့ရတာပါ။

မေလ ၁၂ ရက် မွန်းလွဲပိုင်းမှာပဲ AA လက်နက်ကိုင်တွေက တက်နက်ဖ်ခရိုင်ခွဲအတွင်း နှီးလားပြည်ထောင်စုကောင်စီနယ်မြေအနီး နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားသုံးဦးကို ဖမ်းသွားခဲ့ပါတယ်။ သူတို့ သုံးဦးကလည်း နတ်မြစ်ရဲ့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အခြမ်းမှာရှိနေကြတုံး ဖမ်းဆီးခံရတာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post သရဲဟာသ ဇာတ်လမ်းပုံစံ “နေမဝင်ရွာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ