ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ်များပြားလာသဖြင့် ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများလိုအပ်မည်ဖြစ်ရာ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရေးအတွက် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုပါကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ထားရမည်ဟု မှာကြားသည်။

ထို့ပြင် လက်ရှိရေရရှိနေသည့် ရေလှောင်တမံများ ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ်သုတေသနပြုလုပ်ရမည်ဖြစ်ကာ ရေအရင်းအမြစ်များဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင်တမံများအနီးရှိ ရေဝေရေလဲတောများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဆည်တာတမံများအတွင်း ရာသီမရွေးရေရှိနိုင်ရန်လိုသည်ဟု ပြောသည်။

ထို့အတူ ပြင်ဦးလွင်မြို့နယ်အတွင်းရေဖူလုံစွာရရှိစေရန် တာဝန်ရှိသူများက စီမံဆောင်ရွက်ရမည်ဖြစ်ပြီး ဆည်များအတွင်းမှကျဆင်းသွားသည့်ရေများကို အလေအလွင့်အနည်းဆုံးဖြစ်စေရေး တာ၊ တမံများ ကို သုတေသနပြုတည်ဆောက်ရမည်ဖြစ်ကာ ပြင်ဦးလွင်မြို့နယ် ရေဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်နိုင်မည့်လုပ်ငန်းရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် သုတေသနပြုဆန်းစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကိုမှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၄-၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
Next post လားရှိုးမှာ ကိုးကန့်အလံတွေဖြုတ်ချပြီး နိုင်ငံ့အလံ ပြန်တင်၊ MNDAA ဒီနေ့ လားရှိုးကအပြီး ထွက်ခွာရမည်