// | DailyBriefNews နစကဥက္ကဋ္ဌနှင့် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြောကြား -

နစကဥက္ကဋ္ဌနှင့် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြောကြား

နစကဥက္ကဋ္ဌနှင့် BIMSTEC အစည်းအဝေးတွင် တွေ့ဆုံကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး၊ ပေါင်းစည်းချိတ်ဆက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ယနေ့ထုတ်ပြန် ပြောကြားလိုက်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် BIMSTEC ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံခဲ့ပါသည်။ ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်းကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ယခုကဲ့သို့သော ခက်ခဲသည့်ကာလတွင် မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ညီအကို မောင်နှမများကို ဖြစ်နိုင်သမျှကူညီရန် ဆောင်ရွက်ပေးနေပါသည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး၊ ပေါင်းစည်းချိတ်ဆက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ပါသည်”ဟုလည်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၌ မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ သဘာဝဘေးကယ်ဆယ်ရေးနှင့် ဆေးဝါးအကူ အညီများအပါအဝင် လိုအပ်သောပံ့ပိုးကူညီမှုများပေးရန်အတွက် Operation Brahma (ဗြဟ္မာစီမံချက်)ကို စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ကူညီကယ်ဆယ်ရေး ထောက်ကူပစ္စည်းများအဖြစ် ဧပြီ ၁ ရက်နေ့အထိ ကုန်တင်လေယာဉ် ၆ စီးနှင့် အိန္ဒိယရေတပ်သင်္ဘော ၅ စင်းတို့သည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး (HADR) ပစ္စည်းများစုစုပေါင်း တန်ချိန် ၆၂၅ မက်ထရစ်တန်ကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် အိန္ဒိယတပ်မတော်၏ စစ်မြေပြင်ယာယီဆေးရုံအဖွဲ့ ၏အဖွဲ့ဝင် ၁၁၈ ဦးတို့ကို ပို့ဆောင်ပေးကာ လျင်မြန်စွာ အသုံးပြုနိုင်သော ခွဲစိတ်ခန်းနှင့် ဆေးကုသမှုဆိုင်ရာအမိုးအကာများ၊ ရေသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဝန်ဆောင်မှုများနှင့် အရေးအကြီးဆုံးမှာ အမျိုးသမီးများနှင့် ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှုများ ပါဝင်သည်။

ထို့အပြင် အိန္ဒိယရေတပ်သင်္ဘော Gharial သည် ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် Visakhapatnam ဆိပ်ကမ်းမှ ရန်ကုန်သို့ ထွက်ခွာခဲ့ကာ သင်္ဘောသည် ဆန် ၄၀၅ မက်ထရစ်တန်၊ ဟင်းချက်ဆီ ၃၀ မက်ထရစ်တန်၊ ဘီစကွတ် မက်ထရစ်တန် ၅ တန် နှင့် အသင့်စားခေါက်ဆွဲခြောက် မက်ထရစ်တန် ၂ တန် အပါအဝင် စားနပ်ရိက္ခာအကူအညီ ၄၄၂ မက်ထရစ်တန်ကို ပေးပို့မည်ဖြစ်ပါသည်။

အဆိုပါ ထောက်ပံ့မှုများသည် မြန်မာနိုင်ငံရှိ ထိခိုက်ခံစားနေကြရသူများ၏ လတ်တလော စားနပ်ရိက္ခာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ရည်ရွယ်ထားသလို အိန္ဒိယနိုင်ငံသည် မြေပြင်တွင်အမှန်တတယ်လိုအပ်မှုများနှင့် လိုအပ်ချက်များအပေါ် မူတည်၍ မြန်မာနိုင်ငံသို့ အထောက်အပံ့နှင့် အရင်းအမြစ်များကို ဆက်လက်ထောက်ပံ့ပေးရန် အသင့်ရှိကြောင်းနှင့် ဗြဟ္မာစီမံချက်လုပ်ငန်းစဉ်အောက်ရှိ အိန္ဒိယနိုင်ငံ၏ ဆက်လက်ကြိုးပမ်းအားထုတ်မှုများသည် အိမ်နီးချင်းနိုင်ငံ များတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက လျင်မြန်စွာနှင့် အပြည့်အဝ ကူညီတုံ့ပြန်ဆောင်ရွက်မည့် ၎င်း၏ကတိကဝတ်ကို ထင်ဟပ်စေသည့်အပြင် ပထမဆုံးတုံ့ပြန်ကူညီသည့် အိန္ဒိယနိုင်ငံအနေဖြင့် ‘အိမ်နီးချင်း ပထမ (Neighbourhood First) နှင့် အရှေ့နှင့် ထိတွေ့ဆက်ဆံရေး မူဝါဒ (Act East Policy) တို့၏ အဓိကမိတ်ဖက်ဖြစ်သော မြန်မာနိုင်ငံနှင့်အတူ ရပ်တည်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၄-၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
Next post (၅-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်