ဖြစ်ရပ်မှန်ကို အခြေခံထားသည့် ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show ပွဲအခမ်းအနား ကျင်းပ

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆
ဖြစ်ရပ်မှန်ကို အခြေခံထားသည့် ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် လူထုဦးလှ၏ စာပေအယူအဆကို အခြေခံကာ စာရေးဆရာ မိုးသက်အောင် (မြန်မာစာ) ရေးသားထားသည့် ဝတ္ထုကို ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN) က ၁၉၇၀ ပြည့်လွန်နှစ်များဆီက ကျေးလက်ဒေသတစ်ခု၏ ဖြစ်ရပ်မှန်ကို ပြန်လည်ခံစား ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်။ ဇာတ်ကားတွင် သရုပ်ဆောင်များအနေဖြင့် ထပ်ဆင့်အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ ရဲလွင်ဦး၊ ယမုံမြင့်မြတ်၊ ပက်စီစိုး၊ မော်ကွန်း၊ အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီ ဝါဝါအောင်နှင့် အခြားသော အနုပညာရှင်များစွာ ပါဝင်ထားကြသည်။
Family Show ပွဲသို့ ဒါရိုက်တာနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး၊ အဆိုပါ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများ၌ ရုံတင်ပြသသွားမည် ဖြစ်သည်။
