ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အာဆီယံနှင့် ပြန်လည်ပေါင်းစည်းရေးတွင် ကူညီသင့်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီအို ကိရှိဒါ ပြောကြား

အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆
ပြည်တွင်းနေရာအနှံ့ ပဋိပက္ခများဒဏ် ခံနေရသည့် မြန်မာနိုင်ငံကို အာဆီယံ၏ အစည်းအဝေးများသို့ ပြန်လည်ပါဝင်လာစေရန် အာဆီယံ၏ ကြိုးပမ်းမှုများတွင် ဂျပန်နိုင်ငံအနေဖြင့် မည်သို့ကူညီပံ့ပိုးပေးနိုင်သည်ကို စဉ်းစားသင့်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီအို ကိရှိဒါက တနင်္လာနေ့တွင် Nikkei Asia သို့ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပြန်လည်ပါဝင်လာခြင်းသည် အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုအတွက် အရေးပါကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ဘန်ကောက်မြို့၌ Nikkei Asia နှင့် တွေ့ဆုံမေးမြန်းစဉ် ဂျပန်ဝန်ကြီးချုပ်ဟောင်းက မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း အမြင်အမျိုးမျိုး ရှိနေသော်လည်း အာဆီယံ စည်းလုံးညီညွတ်မှု ရှုထောင့်မှကြည့်ပါက မြန်မာနိုင်ငံကို အာဆီယံ မူဘောင်အတွင်းသို့ စနစ်တကျ ပြန်လည်ခေါ်ဆောင်ရေးသည် အရေးကြီးကြောင်း နိုင်ငံအများအပြားက ခံစားနေကြရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအလိုအတွင်း ကိရှိဒါက ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဂျပန်နှင့် အာဆီယံ ဆက်ဆံရေးသည် ၁၉၇၃ ခုနှစ်မှစ၍ တည်ဆောက်ခဲ့သော ယုံကြည်မှုအပေါ် အခြေခံထားကြောင်း၊ လွတ်လပ်မှု၊ ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး စသည့် တန်ဖိုးများကို မျှဝေထားကြသည့် နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ယခင်ကထက် ပိုမိုအရေးပါလာပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
