ဘယ်လာရုစ်နိုင်ငံသူအား အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းသို့ ပို့ဆောင်ခိုင်းစေသည့် လူကုန်ကူးဂိုဏ်းဝင် မြန်မာနိုင်ငံသား ၅ ဦးကို ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်

အောက်တိုဘာလ ၆ ရက်၊ ၂၀၂၆
ဘယ်လာရုစ်နိုင်ငံသူတစ်ဦးအား အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်း (Online Scam Center) သို့ ပို့ဆောင်ကာ အဓမ္မခိုင်းစေခဲ့သည့် လူကုန်ကူးဂိုဏ်းမှ မြန်မာနိုင်ငံသား ၅ ဦးကို မင်္ဂလာဒုံခရိုင်တရားရုံးက အောက်တိုဘာ ၁ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ်စီ အမိန့်ချမှတ်ခဲ့ပြီး၊ ထွက်ပြေးတိမ်းရှောင်နေသည့် တာဂျစ်ကစ္စတန်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦးတို့ကို ဖမ်းဝရမ်း ထုတ်ဆင့်လိုက်ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ လူမှုကွန်ရက်ပေါ်တွင် ဘယ်လာရုစ်အဆိုတော် အမျိုးသမီး သတ်ဖြတ်ခံရကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် စစ်ဆေးခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ တရားခံများဖြစ်ကြသည့် ကျော်သူ (ခ) စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း (ခ) ကိုရဲ၊ ညီညီသက် နှင့် မနန်းပေါင်းဟွမ်း (ခ) ဆိုဖီယာ တို့ ၅ ဦးသည် အသက် ၂၆ နှစ်အရွယ် ဘယ်လာရုစ်နိုင်ငံသူ The Voice Belarus ပြိုင်ပွဲဝင် Vera Kravtsova ကို မော်ဒယ်အလုပ်ဖြင့် မက်လုံးပေးခေါ်ဆောင်ကာ တာဂျစ်ကစ္စတန်နိုင်ငံသား MUKAIR SHOEV RUSTAM ODINAEN ALIJON ပါဝင်သည့် အခြားတရားခံများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းသို့ ပို့ဆောင်ကာ အဓမ္မခိုင်းစေခဲ့ခြင်း ဖြစ်ပါတယ်။
အမှတ် (၆) မှုခင်းရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်၍ မင်္ဂလာဒုံမြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုဖွင့်တိုင်တန်းခဲ့ရာ တရားရုံးက ပုဒ်မ ၃၈(က) အရ ဖမ်းမိတရားခံ ၅ ဦးအား အထက်ပါအတိုင်း ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့ပြင် ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည့် တာဂျစ်ကစ္စတန်နိုင်ငံသား MUKAIR SHOEV RUSTAM ODINAEN နှင့် မြန်မာနိုင်ငံသား မျိုးဇော်လင်း၊ ဝသုန်အောင် (ခ) ဝသုန်၊ ရန်ပိုင်စိုး (ခ) အငယ်လေး၊ ALIJON တို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ဖြင့် ဝရမ်းထုတ်ပြန်ထားကြောင်း သတင်းရရှိပါတယ်။
