အမေရိကန်ထုတ် F-16V တိုက်လေယာဉ်အသစ်များ တရုတ် ထိုင်ဝမ်သို့ ပထမဆုံးအသုတ် စတင်ရောက်ရှိ

အောက်တိုဘာလ ၃ ရက်၊ ၂၀၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန်အတွက် ထိုင်ဝမ်က အမေရိကန်ထံ မှာယူထားသည့် F-16V Block 70 တိုက်လေယာဉ်အသစ်များအနက် ပထမဆုံးအသုတ်အဖြစ် လေယာဉ်နှစ်စင်းမှာ အောက်တိုဘာလ ၂ ရက်နေ့တွင် တိုင်တန်မြို့အနီးရှိ ချီးဟန် လေတပ်စခန်းသို့ စတင်ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လေယာဉ်များသည် ၂၀၁၉ ခုနှစ်က အမေရိကန်ထံ မှာယူခဲ့သည့် လေယာဉ် ၆၆ စင်းအနက် ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ပြီး၊ ဟာဝိုင်အီနှင့် ဂူအမ်ကျွန်းတို့မှတစ်ဆင့် ပျံသန်းရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် လအနည်းငယ် ကြန့်ကြာခဲ့ရသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် နောက်ထပ် လေယာဉ်များ ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူး က ပြောကြားခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးကန်ထရိုက်တာ Lockheed Martin က ထုတ်လုပ်သည့် အဆိုပါ ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိ F-16V တိုက်လေယာဉ်များတွင် ခေတ်မီအီလက်ထရွန်နစ်နှင့် ရေဒါစနစ်များ တပ်ဆင်ထားကာ တရုတ်၏ J-20 ကိုယ်ပျောက်တိုက်လေယာဉ်များကို တန်ပြန်နိုင်ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ယခု လေယာဉ်များ လွှဲပြောင်းမှု ပြီးစီးသွားပါက ထိုင်ဝမ်လေတပ်အနေဖြင့် F-16V တိုက်လေယာဉ် အစီးရေ ၂၀၀ ကျော်အထိ ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
